ရဲတပ်ဖွဲ့၏ အကြမ်းဖက်ပစ်ခက်မှုကြောင့် အသက် ၂၀ အရွယ် မမြသွဲ့သွဲ့ခိုင်သေဆုံးမှုအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဝမ်းနည်းကြောင်းသဝဏ်လွှာကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ သဝဏ်လွှာကို NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့် လက်မှတ်ရေးထိုးပေးပို့ခဲ့ခြင်းဖြစ်ပြီး အလုပ်အမှု ဆောင်အဖွဲ့ဝင်များ၊ အဖွဲ့ချုပ်အဖွဲ့ဝင်များအနေဖြင့် သေဆုံးသွားသည့် မမြသွဲ့သွဲ့ခိုင်အတွက် မိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲကြောင်း ဖော်ပြထားသည်။
ထို့ပြင် NLD ပါတီအနေဖြင့် ကျန်ရစ်သူ မိသားစုနှင့်တကွ ဒီမိုကရေစီလိုလားသော ပြည်သူလူထုနှင့်အတူ မမြသွဲ့သွဲ့ခိုင် ကျဆုံးရခြင်းအတွက် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သူအားလုံးကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ကျခံစေနိုင်ရေး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆိုသည်။
မမြသွဲ့သွဲ့ခိုင်ကိုလည်း NLD ပါတီအနေနဲ့ အသိအမှတ်ပြု နှလုံးသွင်းမှတ်တမ်းတင်ထားသပြီး ကောင်းရာသုဂတိကို ရောက်ရှိစေကြောင်း ဆုတောင်းမေတ္တာပို့ကြောင်း ယင်းသဝဏ်လွှာတွင်ဖော်ပြထားသည်။
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းအဝိုင်းအနီး ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၉ ရက်က အာဏာသိမ်းစစ်တပ် အလိုမရှိကြောင်း အေးချမ်းစွာဆန္ဒပြသည့်ပြည်သများကို ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်းနင်းပစ်ခတ်မှုများပြုလုပ်ခဲ့ရာ မမြသွဲ့သွဲ့ခိုင်း၏ ဦးခေါင်းကို ကျည်ဆံထိမှန်ခဲ့ခြင်း ဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတစ်ဝန်းက CDM လုပ်ဆောင်နေသည့် နိုင်ငံဝန်ထမ်းတွေအပါအဝင် အကြမ်းမဖက်ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ ပြည်သူလူထုကို အကြမ်းဖက်၍ လူစုခွဲခြင်း၊ သပိတ်ဖြိုခွင်းခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်း လုပ်ဆောင်လျက်ရှိသဖြင့် မြို့ရွာအနှံ့တွင် လူသေဆုံးမှုများ၊ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လျက်ရှိသည်။
Published
Monday, February 22, 2021
မမြသွဲ့သွဲ့ခိုင် သေဆုံးမှုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့