“၂၀၂၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုလိုက်ခြင်းအားဖြင့် ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို အလိုလိုအသက်ဝင်အောင် ပြန်သွင်းတာနဲ့ အတူတူပဲ”

“၂၀၂၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုလိုက်ခြင်းအားဖြင့် ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို အလိုလိုအသက်ဝင်အောင် ပြန်သွင်းတာနဲ့ အတူတူပဲ”
by -
စောထွန်းလင်း (KIC)

လူမျိုးစုပေါင်းစုံ အထွေထွေသပိတ်ကော်မတီ” အဖွဲ့ဝင် နော်အက်စတာချစ်နှင့် တွေ့ဆုံမေးမြန်းခြင်း

ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဖေဖေါ်ဝါရီ ၆ ရက်မှစတင်ကာ ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်မှုများ နေစဉ်ပြုလုပ်လျက်ရှိသည်။ နိုင်ငံတဝှမ်းစစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြမှုများသည် တစ်ဦးတစ်ဖွဲ့က ဦးဆောင်ခြင်းထက် မိမိအစုအဖွဲ့အလိုက် အလွှာစုံ၊ ပုံစံမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ထိုသို့ ဆန္ဒပြမှုများထဲတွင် တိုင်းရင်းသား လူမျိုးများကလည်း “လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ”ကို ဖွဲ့စည်းကာ အာဏာရှင်စနစ် ဖျက်သိမ်း ရေးအတွက် ကျရာကဏ္ဍမှပါဝင်၍ သပိတ်တိုက်ပွဲဆင်နွှဲနေလျက်ရှိသည်။ အဆိုပါကော်မတီ၏ ဖွဲ့စည်း ထားမှုနှင့် ကော်မတီ၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍  မီဒီယာဆပ်ကော်မတီ အဖွဲ့ဝင် နော်အက်စတာချစ်အား ကေအိုင်စီက ယခုလိုဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါသည်။

မေး-  ပထမဦးဆုံး လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ ဖြစ်ပေါ်လာပုံကို သိချင်ပါတယ်။

နော်အက်စတာချစ် - ကျွန်မတို့ ပထမဦးဆုံး သပိတ်တွေ အသီးသီးထွက်ကြတယ်။ ကိုယ် ဆောင်ပုဒ်၊ ကြွေးကြော် သံနဲ့ကိုယ် ထွက်ကြတယ်။ အဲ့ဒီမှာ ကျွန်မတို့တိုင်းရင်းသား‌တွေ တောင်းဆိုတာက တူညီတာ ရှိတယ်ပေါ့နော်။ တောင်းဆိုလာတာလည်းအခုမှ မဟုတ်ဘူး။ နှစ်ပေါင်းဆယ်နဲ့ချီရှိခဲ့ပြီးပေါ့နော်။ အဲ့ကနေပြီးတော့ ကျွန်မတို့ အ စည်းအဝေးတွေ ထိုင်ကြတယ်။ အတူတူလှုပ်ရှားမယ်ပေါ့နော်။ အတူတူတစ်သံတည်းထွက် အောင်ပေါ့နော်။ အစ တုန်းကဆို ကျွန်မတို့ကရင် တွေက တောင်းဆိုကြွေးကြော်သံ သုံးချက်ထဲရှိတယ်။ တခြားသူတွေ ဘာတွေ ဖြည့်ချင်လည်း ဆိုတဲ့ဟာပေါ်မှု တည်ပြီးတော့ အချက် လေးချက်ထွက်လာတာဖြစ်ပါတယ်။

မေး -  လက်ရှိ ကော်မတီကို ဘယ်လို ဖွဲ့စည်းထားလဲ။ ဘယ်သူတွေ ပူးပေါင်းပါဝင်လဲ။

နော်အက်စတာချစ် - ကျွန်မတို့ ကော်မတီက လူပါဝင်တဲ့ တိုင်းရင်းသားလူမျိုးတွေထဲက တစ်မျိုးကို တစ်ဦးနှုန်းနဲ့ ဖွဲ့စည်းထားတယ်။ အခုဆိုရင် လာပါဝင်တဲ့ တိုင်းရင်းသား ၂၇ မျိုးရှိပြီ ဆိုတော့ ကျွန်မတို့ ကော်မတီမှာ ၂၇ ဦးရှိပါတယ်။ နောက်ကော်မတီရဲ့အောက်မှာ ဆပ်ကော်မတီ ငါးခု ဖွဲ့စည်းထားပါတယ်။

မေး - အာဏာရှင်စနစ် ဆန့်ကျင်ရေးက အခြားဆန္ဒထုတ်ဖော်နေသူတွေနဲ့ ဘုံတူညီချက်လို့ ပြောနိုင်မလား။ အခြားကွဲလွဲချက်တွေကိုလည်း ပြောပြပေးပါ။

နော်အက်စတာချစ် - လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီမှာဆိုရင် အဓိကကြွေးကြော်သံ လေးခုပေါ့။ အဲ့ဒါတွေကတော့ စစ်အာဏာရှင် စနစ်ဖြုတ်ချရေး၊၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးရယ်၊ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ပေါ်ထွန်းရေးရယ်၊ မတရားဖမ်းဆီးခံရတဲ့ သူတွေ လွှတ်ပေးဖို့ ဆိုတဲ့လေးချက်ပေါ့။ မတရားဖမ်းဆီး ခံရတဲ့သူတွေဆိုတာတော့ အရင်ကတည်းက ဖမ်းဆီးခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း ပါတာပေါ့။

မေး - အခု ဆန္ဒထုတ်ဖော်သူအများစု ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးကို အဓိကထား မပြောကြဘူး။ ဖျက်သိမ်း ရေးက ဘာလို့အရေးကြီးတာလဲဆိုတာ ရှင်းပြပါဦး။

နော်အက်စတာချစ် - ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းဖို့ တောင်းဆိုထားတာ ကြာပြီးပေါ့နော်။ အခု အာဏာသိမ်း တာကလည်း စစ်တပ်ကိုယ်၌က ၂၀၀၈ ကို သူတို့ကိုယ်တိုင်ချိုးဖောက်လိုက်တာပဲ။ သူတို့ချိုးဖောက်ထားတဲ့ဟာကို ဒါနဲ့ပဲ အလုပ် လုပ်နေသေးတယ်ဆိုတာက မဟုတ်သေးဘူးပေါ့နော်။ နောက် ၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း ပါနေသေးတယ်။ နောက်တိုင်းပြည်ကို အုပ်ချုပ်တဲ့ အခါမှာလည်း စစ်တပ်ရဲ့လွှမ်းမိုးမှုက အခြားဒီမို ကရေစီနိုင်ငံတွေ ထက်ပိုများတယ်။ ပြီးသွားတဲ့ အခါမှာ ဒီ ၂၀၀၈ ဖွဲ့စည်းပုံက စစ်တပ် အာဏာ သက်ဆိုးရှည် အောင်ရေးဆွဲထားတာဖြစ်တယ်။ နောက်ပြီးတော့ တိုင်းရင်းသားတွေ၊ ပြည်သူတွေရဲ့အသံတွေနဲ့ ဖွဲ့စည်းရေးဆွဲ ထားတာမဟုတ်ဘူး။ ဒါကြောင့် ဖွဲ့ စည်းပုံကို ဖျက်သိမ်းဖို့ ပြောနေရတာ ဖြစ်တယ်။

မေး - စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ  ဦးဆောင်တာအဖွဲ့နဲ့ မဟုတ်ဘဲ အစုအဖွဲ့လိုက် လုပ်ဆောင် နေတာရှိပါတယ်။ ကော်မတီက ဘယ်လို ချိတ်ဆက်လုပ်ဆောင်မလဲ။

နော်အက်စတာချစ် - ကျွန်မတို့ကတော့ ဘုံတူညီချက် ဒီလေးချက်ပေါ်မှာပဲ အခြေခံပြီးတော့ ကျွန်မတို့ ပူးပေါင်းသွားမှာပါ။ တခြားအဖွဲ့တွေက ကျွန်မတို့ ဘုံတူညီချက်ကို သဘောတူတယ်။ ပူးပေါင်းဖို့ စိတ်ဆန္ဒရှိတယ် ဆိုရင်တော့ ပူးပေါင်းသွားမှာပါ။

မေး - ဆန္ဒပြပွဲတွေမှာ အကြမ်းဖတ်ခံရရင် ဘယ်လို ရင်ဆိုင်သွားမလဲ။ ရှေ့လုပ်ငန်းစဉ်လည်း ပြောပြလို့ ရသလောက်ပြောပါ။

နော်အက်စတာချစ် - ကျွန်မတို့ ကော်မတီရဲ့လက်ရှိ ဆုံးဖြတ်ထားတာကတော့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် သွားဖို့ပဲ ရှိပါတယ်။ တခြားပြန်ပြီးတော့ ခုခံဖို့ ဆိုတာမျိုး‌တော့ ဆုံးဖြတ်ချက်မကျသေးပါဘူး။ ဘယ်လို အခက်အခဲ ပဲကြုံလာလာ ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်သွားမယ်။ လက်ရှိ အဲ့လိုပဲ ကော်မတီက ဆုံးဖြတ်ထားတယ်။ နောက် ကော်မတီရဲ့ ရှေ့လုပ်ငန်းစဉ်ကတော့ အစည်းဝေးဆုံးဖြတ်ပြီးမှပဲချမှတ်သွားဖို့ရှိပါတယ်။

မေး - အခု ဆန္ဒပြပွဲတွေမှာ လူငယ်တွေထဲမှာ အမျိုးသမီးလူငယ်တွေ အများအပြားပါဝင်နေတာ တွေ့ရတယ်။ ဘယ်လို အားပေးစကားပြောချင်လဲ။

နော်အက်စတာချစ် - အခု ဆန္ဒပြပွဲတွေမှာ အမျိုးသမီးငယ်တွေ ပါဝင်တာ အများအပြားတွေ့ရတယ်။ ဒါတွေကို စုစည်းပြီး အသိအမှတ်ပြုရမယ်။ အရင်တုံးကလိုမျိုး အမျိုးသမီးတွေ ပါတာနည်းတယ်။ ဦးဆောင်တာလည်း နည်း တယ် ဆိုတာက ဟို ရှေ့ရိုးစွဲ အတွေးအခေါ်တွေပေါ့နော်။ အခုဆိုရင် ဦးဆောင်တဲ့ ကဏ္ဍမှာ ပါဝင်လာတာ တွေရှိတော့ ဆက်လက်လုပ်ဆောင်သွားကြပါလို့ ပြောချင်တယ်ပေါ့နော်။

မေး - အခု လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးတို့ ဖက်ဒရယ် ဒီမို ကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးစတဲ့ တောင်းဆိုချက်တွေက တခြားသူတွေထက် ထူးခြားတာတွေ့ ရတယ်။ ဒီအပေါ် ကော်မတီရဲ့ ခံယူချက်ကိုလည်း ပြောပြပေးပါဦး။

နော်အက်စတာချစ် - အခု လက်ရှိ ဆန္ဒပြပွဲတွေမှာ တောင်းဆိုချက်တွေကို ကြည့်မယ်ဆို ဘာတွေ တွေ့ရလဲ ဆိုတော့၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့ရယ်၊ ပြီးသွားရင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် ဖို့နဲ့ သမ္မတ ဦးဝင်းမြင့် လွတ်မြောက်ဖို့ အဓိကတောင်းဆိုနေတာ တွေ့ရတယ်။ ဒါက နိုင်ငံရေးလှည့်ကွက်ပဲ ဖြစ် တယ်။ ပြည်သူ လူထုတွေ တောင်းဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းဖို့ ဆိုတာက ကြာနေပြီ။ နောက် ၂၀၂၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုလိုက်ခြင်းအားဖြင့် ဒီ၂၀၀၈ ဖွဲ့စည်းပုံကို အလိုလို အသက်ဝင်အောင် ပြန်သွင်း တာနဲ့ အတူတူပဲပေါ့နော်။

ဆိုတော့ ကျွန်မတို့ ဒီနိုင်ငံရေးလှည့််ကွက်မှာ ဆက်မသွားချင်ဘူး။ ဒါကိုလည်း ကျွန်မတို့ သိနားလည်ထားတယ်။ ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ထက် ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးကို ကျွန်မတို့ ကော်မတီက နေတောင်းဆိုနေရခြင်း ဖြစ်တယ်။

မေး - ဘာများ ဖြည့်ဆွက်ပြောချင်သေးလဲ။

နော်အက်စတာချစ် - အဓိက,ကတော့ ဒီတိုင်းရင်းသားတွေ တောင်းဆိုတာနဲ့ တခြားသူတွေ တောင်းဆိုတာ ကွာခြားတာကို အများသိနားလည် စေချင်တယ်။ တိုင်းရင်းသားတွေရဲ့အသံကို ပေါ်လွှင်စေချင်တယ်။

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...