ရခိုင်ဝန်ကြီးချုပ်အပါအဝင် မြို့နယ်တချို့မှ ရွေးကော်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်

ရခိုင်ဝန်ကြီးချုပ်အပါအဝင် မြို့နယ်တချို့မှ ရွေးကော်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်
by -
မင်းထွန်း (DMG)

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် မြို့နယ်တချို့မှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ အသီးသီးကို ယနေ့အချိန်ထိ အားဏာသိမ်းတပ်က ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း ၎င်းတို့၏ မိသားစုဝင်များထံမှ သိရသည်။

ဝန်ကြီးချုပ်ဦးညီပုကို ဖေဖော်ဝါရီ ၁၀ ရက်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ၎င်းကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို လက်ရှိအချိန်ထိ မသိရှိရသဖြင့် မိသားစုဝင်များစိုးရိမ်နေကြောင်း ဝန်ကြီးချုပ်၏သမီးဖြစ်သူ မကြည်ကြည်ဦးက ပြောသည်။

“အဖေနဲ့ပတ်သတ်ပြီစိုးရိမ်တာက အဓိက ကျန်းမာရေးပေါ့။ အသက်လည်းကြီးနေပြီ ဆေးတွေလည်းသောက်နေရတယ်ဆိုတော့ ပါသွားတာက ဆေးက နည်းနည်းပဲပါသွားတယ်။ နောက်ထပ်ဆေးတွေကို ဘယ်ကိုပို့ရမလဲမသိဘူး။ ဘာမှလည်း အဆက်အသွယ်မရတော့ ကျန်းမာရေးကိုပိုပြီးစိုးရိမ်တာပေါ့” ဟု ၎င်းကပြောသည်။

အလားတူ ကျောက်ဖြူခရိုင်နှင့်သံတွဲခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများအပါအဝင် ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ ဂွမြို့နယ်၊ မာန်အောင်မြို့နယ်၊ တောင်ကုတ်မြို့နယ်တို့မှ ရွေးကော်ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများမှာလည်း ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ၎င်းတို့၏ မိသားစုဝင်များထံမှ သိရသည်။

မြို့နယ်အလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးမှ တာဝန်ရှိသူများကို ဖေဖော်ဝါရီ ၁၀ ရက်နှင့် ၁၁ ရက်နေ့တွင် တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

“သူတို့ကို စစ်တပ်ထဲက အရာရှိရိပ်သာမှာ ကောင်းကောင်းမွန်မွန်ထားပြီးတော့ တခုမှ စစ်ဆေးမေးမြန်းတာမရှိဘဲ ထိန်းသိမ်းထားတယ်။ လူချင်းတော့ မတွေ့ရဘူး၊ ဒီလိုတပ်ကိုသွားပြီးတော့ လိုအပ်တာတွေကို သွားပေးရတယ်။ ကြားခံနဲ့ပေါ့။ အချိန်ကန့်သတ်ပြီးတော့ အရာရှိကတစ်ဆင့် ဖုန်းပြောရတယ်။ တပ်က စစ်ဆေးမေးမြန်းတာမရှိဘူတဲ့။ ဒါပေမယ့် ဘယ်နေ့ပြန်လွှတ်ပေးမှာလဲဆိုတာကို မသိရဘူး” ဟု ဖမ်းဆီးခြင်းကိုခံရသည့် ကျောက်ဖြူ ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွန်း၏ တူမဖြစ်သူ မအေးအေးနိုင်က ပြောသည်။

ထို့ပြင် ဖေဖော်ဝါရီ၁၀ ရက်နေ့ ည ၁၁ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးက လာရောက်ခေါ်ဆောင်သွားသည့် မာန်အောင်မြို့နယ်ဥက္ကဌ ဦးစိန်းလွင် (ခ) ဦးဘလွင်ကို ရဲရိပ်သာတွင် ဖမ်းဆီးထားသည်ဟု ၎င်း၏မြေးဖြစ်သူ ဦးအောင်မြင့်သူက ယခုကဲ့သို့ပြောသည်။

“ဥက္ကဋ္ဌကိုတော့ ရဲရိပ်သာမှာထားတယ်လို့ပြောတယ်။ ထမင်းတွေဘာတွေ ပို့နေရတယ်ပေါ့။ အဖိုးက ကျန်းမာရေးသိပ်မကောင်းဘူး။ အဆက်အသွယ်တော့ ရတယ်ပေ့ါ။ အတွင်းရေးမှူးကျတော့ အဖမ်းခံရတဲ့အချိန်ကနေ မိသားစုနဲ့ အဆက်အသွယ်မရဘူးလို့ပြောတယ်” ဟု ၎င်းက ပြောသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...