ရှမ်းပြည်နယ် တောင်ကြီးမြို့၊ စဝ်စံထွန်း ပြည်သူ့ဆေးရုံဝန်းအတွင်း CDM ဝင်နေသော ဆရာဝန်များကို ရဲတပ်ဖွဲ့က အင်အားသုံးဝင်ရောက်ဖမ်းဆီးမှု ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၃ နာရီ ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့အနေဖြင့် ဆရာဝန်လိုင်းခန်းတွင်းသို့ တံခါးဖျက်ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး တစ်ဦးမှမိသွားခဲ့ခြင်းမရှိကြောင်းသိရသည်။
" ဆရာဝန်တွေတော့ အကုန်လွတ်သွားတယ်။ ဆေးရုံကိုလာဝိုင်းတဲ့ရဲတပ်ဖွဲ့တွေက အယောက် ၁၀၀ နီးပါးလောက် ရှိတယ်။ ကျွန်တော် တို့ ဝန်ထမ်းတွေလဲ သံပုံး တီးတော့ ရဲတွေ
လေးဂွနဲ့ ပစ်တယ်။ ဆရာဝန် လိုင်းခန်းတွေကို တံခါးတွေဖျက်ပြီးဝင်ရှာတာ '' ဟု စီးနင်းမှုကို မြင်တွေ့ခဲ့သည့်
မျက်မြင်သက်သေ ဝန်ထမ်းတစ်ဦးက ပြောသည် ။
ရဲတပ်ဖွဲ့များ အင်အားသုံး ၍ဆေးရုံအတွင်းသို့ ဝင်ရောက်လာမှုကို ဆေးရုံဝန်းအတွင်းရှိ ဝန်ထမ်းများတားဆီးခဲ့သောကြောင့် ရဲများက ကာကွယ်ရေးပစ္စည်းစက်ရုံထုတ် စိန်ရောင်ခြည် လက်ပစ်ဗုံးများဖြင့် ပစ်ခတ်ခြင်းခဲ့ကြောင်း ဝန်ထမ်းများကပြောသည်။
“အဲ့လို လက်ပစ်ဗုံးတွေ ငါးလုံးလောက် ကျွန်တော်တို့ကိုအပြင်ကနေ အရင်ပစ်တာ မကွဲတဲ့ဟာလဲရှိပါ
တယ်၊ လူတော့မထိဘူး” ဟု ဝန်ထမ်းတစ်ဦးကပြောသည်။
ရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးသည့် ဆရာဝန်များသည် CDM တွင်ပါဝင်သော်လည်း အရေးပေါ်လူနာများ နှင့် ကျောက်ကပ်လဲလူနာများ အတွက် ဆေးရုံ၏ ဆရာဝန်လိုင်းခန်းတွင်ကျန်ရှိနေသည့် ဆရာဝန်များဖြစ်ကြောင်းသိရသည် ။
ဆေးရုံ၏ ဖြစ်ပျက်နေသော အခြေအနေများကြောင့် ဒေသခံလူထုက လာရောက်ဝန်းရံကာ ကားလမ်းများ ပိတ်ဆို့ခဲ့ရကြောင်း သိရသည်။
Published
Tuesday, February 16, 2021
ရဲတပ်ဖွဲ့က စပ်စံထွန်းဆေးရုံ ဆရာဝန်လိုင်းခန်းကို ဝင်ရောက်စီးနင်း၊ တားဆီးသော ဝန်ထမ်းများကို လက်ပစ်ဗုံးဖြင့်ပစ်