“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” တွင် ပါဝင်ရန် အာဏာသိမ်းအစိုးရ၏ ကမ်းလှမ်းမှုကို လက်ခံလိုက်သည့်အပေါ် မွန်ညီညွတ်ရေးပါတီ (MUP) အတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
မွန်ညီညွတ်ရေးပါတီအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်တွင် ပါဝင်ရန် ကမ်းလှမ်းခံရသည်အပေါ် ဖေဖော်ဝါရီ ၆ ရက်က ပါတီဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ကမ်းလှမ်းမှုကို လက်ခံရန် ဆုံးဖြတ်ခဲ့သည်။
MUP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်နိုင်ဦးက “အဲဒီနေ့က အခြေအတင်တော်တော်ဖြစ်ကြတယ်။ သဘောထားကွဲလွဲမှု တော်တော်ဖြစ်ကြတယ်။ အစည်းအဝေးတက်တဲ့ ဗဟိုအလုပ်အမှုဆောင်က ၃၀ ကျော်တယ်။ ကန့်ကွက်တာ ၁၀ ယောက်လောက်ပါတယ်။ သဘောတူတာ ၂၆ ယောက် ကြားနေတာ နှစ်ယောက်လောက်ရှိတယ်။ အဲဒီအဆင့်ရောက်ဖို့ တော်တော် အကြိတ်အနယ် ဆွေးနွေးကြတယ်။ ကျွန်တော်တို့ကတော့ လက်မခံသင့်ဘူးဆိုတဲ့ဘက်က ပါတာပေါ့နော်။ ဒါက CEC အများစုက သဘောထားဆန္ဒနဲ့ ဆုံးဖြတ်ခဲ့လို့ ပြောရမယ် CEC အားလုံးရဲ့ သဘောထားဆန္ဒလို့တော့ ပြောလို့မရဘူး” ဟု ပြောသည်။
ပါတီဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်သည် ပါတီဝင်အားလုံး၏ သဘောထားမဟုတ်ပဲ ပါတီဝင်အများစု သဘောထားသာဖြစ်သည်ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။
အာဏာသိမ်းစစ်အစိုးရ၏ ကမ်းလှမ်းမှုကို လက်ခံခြင်းသည် ပါတီအခြေခံစည်းမျဉ်းနှင့်လည်း သွေဖယ်နေသည်ဟုလည်း ပါတီဗဟိုအလုပ်အမှုဆောင် ပါတီဝင်အချို့က ထောက်ပြကြသည်။
“ကျွန်တော်တို့ကတော့ လက်မခံသင့်ဘူးဆိုတဲ့ဘက်က ဆွေးနွေးပေးခဲ့တာပေါ့။ အခုချိန်မှာ တအားရှုပ်ထွေးနေတဲ့ ကာလဖြစ်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ပါတီက ပေါင်းစည်းပြီး ဖြစ်တည်လာတဲ့ ပါတီတစ်ခုဖြစ်တဲ့အခါကျတော့ စည်းလုံးညီညွတ်မှု အရမ်းပျက်ပြားသွားမှာ စိတ်ပူတယ်။ အခုပါတီဝင်မှာ လက်ခံ/လက်မခံတာ ဆိုတဲ့ဟာက အများကြီးရှိတယ်ဆိုတော့ ဘာပဲပြောပြော ဒါကြီးကို ဆုံးဖြတ်လိုက်တော့ ပါတီမှာ တော်တော် ဂယက်ရိုက်သွားတယ်။ အဲဒါကြောင့်မို့ ဒါကို အရင်စလိုမဆုံးဖြတ်ကြပါနဲ့ လက်မခံပါနဲ့အုံး ကျွန်တော်တို့ဘက် ဆွေးနွေးတာက (ကော်မတီဝင်) CC နဲ့ ပြန်ညှိနှိုင်းဖို့လိုတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။
ပါတီ၏ အခြေခံစည်းမျဉ်းအရ အာဏာရှင်စရိုက်၊ လူမျိုးကြီးဝါဒကို အားမပေးရန်ပါကြောင်းလည်း ထောက်ပြခဲ့သည်ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။
“နောက်တစ်ခုက ကမ်းလှမ်းလာတာက UEC ကမ်းလှမ်းတဲ့ပုံစံမျိုး ဒါကလည်း မဖြစ်သင့်ဘူးပေါ့နော်။ ဒါကြောင့်မို့ ကျွန်တော်တို့ဘက်က လက်မခံသင့်ဘူးဆိုတဲ့ သဘောထားပေးတာပေါ့။ နောက်တစ်ခုက ပါတီရဲ့ အခြေခံစည်းမျဉ်းထဲကိုက အာဏာရှင်စရိုက်တွေ လူမျိုးကြီးဝါဒတွေ အားမပေးဖို့ပါတယ်။ အဲဒါကိုလည်း ထောက်ပြကြတယ်။”
မွန်ညီညွတ်ရေးပါတီ၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်တွင် ပါဝင်မည်ဆိုသည့် ဆုံးဖြတ်ချက်အပေါ် ပါတီဝင်များအကြား သဘောထားကွဲလွဲရှိနေသကဲ့သို ပြည်သူထုအကြားတွင်လည်း ဝေဖန်ပြောဆိုရှုတ်ချမှုများ ရှိနေသည်။
ထို့ပြင် ပါတီကချမှတ်လိုက်သည့် ဆုံးဖြတ်ချက်အပေါ် လက်မခံသည့် ပါတီဝင်အချို့ကလည်း တရားဝင်စာတင်ကာ နှုတ်ထွက်မှုများလည်း ရှိနေကြောင်း သိရသည်။
ပါတီခေါင်းဆောင်များက ထိပ်တိုက်ရင်ဆိုင်ရမည့်လမ်းကြောင်းထက် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်ရောက်အောင် ရည်ရွယ်ချက်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်တွင် ပါဝင်မည့်ကမ်းလှမ်းချက်ကို လက်ခံလိုက်ခြင်းဖြစ်သည်ဟု ပြောသည်။
“သမိုင်းအတွေ့အကြုံအရ ကျွန်တော်တို့တွေက ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်တဲ့နေရာမှာ ထိပ်တိုက်ရင်ဆိုင်တဲ့လမ်းကြောင်းကို လျှောက်ခဲ့ကြတယ်။ အဲဒီထိပ်တိုက်ရင်ဆိုင်တဲ့လမ်းကြောင်းကို လျှောက်ခဲ့တဲ့ သမိုင်းကြောင်းတွေမှာ ပြည်သူတွေ တိုင်းရင်းသားတွေ အသက်ပေးပြီးတော့ သွေးချောင်းစီးခဲ့ရတယ်။ နိုင်ငံရေးရလဒ် အဖြေတွေက ဒီအချိန်ထိ တစ်စုံတစ်ရာ မရရှိသေးဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ အားလုံးရည်မှန်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ရောက်ဖို့အတွက်က ထိပ်တိုက်ရင်ဆိုင်တဲ့လမ်းကြောင်းက ပြည်သူလူထုအတွက် အကျိုးမရှိဘူး။ ဒါကြောင့်မို့ အဲဒီထိပ်တိုက်ရင်ဆိုင်တဲ့လမ်းကြောင်းကို ရှောင်လွှဲပြီးတော့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်ရောက်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပူးပေါင်းသွားမယ်ဆိုတဲ့သဘောထားရှိတယ်” ဟု ပါတီတွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောသည်။
မွန်ညီညွတ်ရေးပါတီကဲ့သို့ အခြားတိုင်းရင်းသားပါတီများကလည်း “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” တွင် ပါဝင်ရန် ကမ်းလှမ်းခံကြရပြီး ကမ်းလှမ်းခံရသည့်အပေါ် လက်ခံသည့် တိုင်းရင်းသားပါတီများရှိသကဲ့သို့ လက်မခံသည့် ပါတီများလည်းရှိနေသည်။