တပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် အိန္ဒိယနိုင်ငံ၏မြို့တော် နယူးဒေလီမြို့တွင် ဖေဖော်ဝါရီ ၅ ရက်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြပွဲကို Protest demonstration against military coup in Myanmar on February 1, 2021 ဟူသည့် အစီအစဉ်ဖြင့် နယူးဒေလီမြို့ရှိ Chin Refugee Committee (CRC) အဖွဲ့က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး နယူးဒေလီမြို့ Jantar Mantar ပန်းခြံရှေ့တွင် ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်း ၁၁ နာရီ မိနစ် ၅၀ မှ ညနေပိုင်း ၃ နာရီ အထိ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း နယူးဒေလီမြို့ရှိ CHRO တာဝန်ခံ Salai Cung Dawt က ပြောသည်။
“အစီအစဉ်အကုန်လုံးဆွဲထားပြီး ဖေဖော်ဝါရီ ၅ ရက် မနက် (၁၁) နာရီ မီနစ် ၅၀ ကနေ ညနေ ၃ နာရီအထိ ပြုလုပ်တာဖြစ်တယ်။ အစိုးရက ခွင့်ပြုတာက လူဦးရေ ၂၀၀ ဘဲ ခွင့်ပြုတယ်။ ဘာလို့လဲဆိုတော့ အခုတလော ဒီဘက်မှာလည်း လယ်သမားတွေဆန္ဒပြတဲ့ကိစ္စနဲ့ လုံခြုံရေးအရမ်းတင်းကြပ်တယ်။ ဆန္ဒပြမယ့်ခွင့်ပြုချက်တောင် လွယ်လွယ်နဲ့မရဘူး။ ကျွန်တော်တို့ အတင်းတိုက်တွန်းလို့ သူတို့လက်ခံတာဖြစ်တယ်” ဟု Salai Cung Dawt က ပြောသည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်ကလည်း တပ်မတော်အာဏာသိမ်းယူလိုက်သည့် လုပ်ရပ်အား ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ရှိ Mizo Zirlai Pawl (MZP) မီဇိုးကျောင်းသားသမဂ္ဂအဖွဲ့ဦးဆောင်မှုဖြင့် Sit-in demonstration ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
Published
Sunday, February 07, 2021
နယူးဒေလီမြို့တွင် တပ်မတော်စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒဖော်ထုတ်ပွဲပြုလုပ်