နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ချင်းအမျိူးသား ဦးမောင်းဟာနှင့် ဆက်သွယ်မေးမြန်းချက်
အာဏာသိမ်းတပ်မတော်က နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်ပြီး ထိုကောင်စီတွင် အရပ်ဖက်မှ လူပုဂ္ဂိုလ်များကို ခန့်အပ်ချက်ရှိရာ နယ်ချဲ့တော်လှန်ရေး ချင်းမျိူးချစ်ခေါင်းဆောင် ဦးဝမ္မသူးမောင်း၏သား ဦးမောင်းဟာလည်း တစ်ဦးအပါအဝင်ဖြစ်သည်။
ဦးမောင်းဟာကို နယ်ချဲ့တော်လှန်ရေး ချင်းမျိူးချစ် ခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ ချင်းဝိသေတိုင်းအဖွဲ့၏ ပထမဦးဆုံး ချင်းရေးရာဝနန်ကြီးဖြစ်သော ဦးဝမ္မသူးမောင်း (လွတ်လပ်ရေးမော်ကွန်း ပထမအဆင့်) နှင့် ဒေါ်သိန်းရင် (ခေါ်) ဒေါ်လျှင်းပန် (လွတ်လပ်ရေးမော်ကွန်း တတိယအဆင့်) တို့က ၁၉၅၃ ဒီဇင်ဘာ ၁၃ ရက်တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ ၁၉၇၆ ခုနှစ်တွင် မန္တလေး ဝိဇာသိပ္ပံတက္ကသိုလ်ကနေ သိပ္ပံရှုပဗေဒဘွဲ့ရရှိခဲ့ပြီးနောက် မြန်မာ့စီးပွားရေးဘဏ်တွင် အစိုးရဝန်ထမ်းအဖြစ် ၃၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ဦးမောင်းဟာတွင် သား နှစ်ဦး၊ သမီး လေးဦးထွန်းကားခဲ့ပြီး ယခုလက်ရှိတွင် တူတော်စပ်သူတစ်ယောက်ပိုင်ကုမ္ပဏီ၌ စာရင်းကိုင်အဖြစ် လုပ်ကိုင်နေကြောင်း သိရသည်။
ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေသော ဦးမောင်းဟာအနေဖြင့် တပ်မတော်ကဖွဲ့စည်းသည့် နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီတွင် ပါဝင်ဖြစ်ပုံ၊ ထိုသို့ပါဝင်ရသည့် ရည်ရွယ်ချက်နှင့် ကောင်စီအဖွဲ့ဝင်အဖြစ် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို သိရှိစေရန် ၎င်းအား ယခုလို ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါသည်။
မေး - မနေ့က တပ်မတော်က ထုတ်ပြန်လိုက်တဲ့ထဲမှာ နိုင်ငံတော်စီမံအုပ်ချူပ်ရေးကာင်စီအဖွဲ့ဝင်အဖြစ် ဆရာ့နာမည်စာရင်းပါလာတယ်ဆိုတော့ အဲ့အပေါ်မှာ ဆရာ့အနေနဲ့ ဘာပြောချင်လဲ။
ဦးမောင်းဟာ - ကျွန်တော့် ကိုယ်ရည်ရွယ်ချက်ကတော့ သူတို့ ဖုန်းဆက်သွယ်လာတဲ့အတွက် ကျွန်တော် ပြည်နယ်အဆင့်လို့ပဲအောက်မေ့တာ ဒါအမှန်အတိုင်းပြောတာ။ ပြည်နယ်အဆင့်ဆိုရင်တော့ ကိုယ်လည်း ပြောချင်တာ ဆိုချင်တာရှိမယ်ပေါ့ဗျာ။ အဲ့လိုမျိုးနဲ့ ကျွန်တော်က လုပ်ပါ့မယ်ပေါ့။ အဲ့လိုပြောလိုက်တဲ့အချိန်မှာ သူတို့က ကိုယ်ရေးအချက်အလက်ကိုတောင်းတယ်ဗျ။ ကိုယ်ရေးကိုတောင်းလိုက်တော့ ကျွန်တော် ကွန်ပျုတာဆိုင်တွေလည်းပိတ်တော့ ကွန်ပျုတာဆိုင်တွေကို ဖွင့်ခိုင်းပြီးမှ ကျွန်တော် ကွန်ပျုတာနဲ့ဖြည့်ပြီးတော့ Viber နဲ့ ပို့လိုက်တယ်။ ကျွန်တော် Viber ပို့လိုက်တဲ့နောက် နာရီဝက်အတွင်းမှာ သတင်းကတင်လာတာပါ။
မေး -အခုလိုမျိုး တပ်မတော်ရဲ့ နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံလိုက်ရတဲ့အပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လိုမျိုး ဆက်လက်ဆောင်ရွက်ထားဖို့ စဉ်းစားထားတာရှိလဲ။
ဦးမောင်းဟာ - ပြောစရာရှိတာတွေတော့ ပြောရမယ်လို့ထင်တာပဲဗျ။ ကျန်တာတော့ ဘာမှမသိရသေးဘူးဆိုတော့ ကြိုတင်ပြီးတော့ ဘာမှပြောလို့တော့မရဘူးပေါ့ဗျ။ ကျွန်တော်တို့ သူတို့ပြောတာလည်း နိုင်ငံတော်အတွက်ပါလို့ပြောတော့ နိုင်ငံတော်အတွက်နဲ့ ကျွန်တော် အမျိုးသားရေး အတွက်ကတော့ ကျွန်တော်လည်း ညာဏ်မီသလောက်ပေါ့နော်။ ကျွန်တော်လည်း ပွင့်ပွင့်လင်းလင်း ဝန်ခံချင်တာကတော့ နိုင်ငံတကာရေးရာမှာတော့ ကိုယ်က သိပ်ပြီးမနှံ့စပ်ဘူးပေါ့။
မေး - အခုလိုမျိုး ဆရာ့ကို နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်တဲ့အပေါ်မှာ ဝေဖန်မှုတချို့လည်းရှိတယ်ပေါ့နော်။ အဲ့ အပေါ်မှာ ဆရာ့အနေနဲ့ ဘာပြောချင်လဲ။
ဦးမောင်းဟာ - ဟုတ်ကဲ့။ အဲ့တာကတော့ အမျိုးတွေကိုယ်တိုင်က ကျွန်တော့်ကို လုံးဝကန့်ကွက်ကြတာတွေရှိပါတယ်။ ဒါပေမယ့် တခြား၊ အဖွဲ့အစည်း ဒါမဟုတ် ပုဂ္ဂိုလ်ရေးအရပေါ့နော်။ ထောက်ခံတဲ့သူတွေ ကျွန်တော့်ဆွေးမျိုးအရင်းမှာလည်း ရှိပါတယ်၊ ဒါပေမယ့် တယောက်နဲ့တယောက်ကတော့ မတူနိုင်ဘူးပေါ့။ ကျွန်တော်တို့ အခုပြောနေတဲ့အတိုင်းပေါ့နော်။ လွတ်လပ်စွာ သဘောထားကွဲပြားတယ်လို့ထင်ပါတယ်။ ကျွန်တော်ကတော့ ကိုယ်လုပ်နိုင်တဲ့ဟာ ကိုယ်တခုခုပြောချင်တဲ့အရာကို ပြောဖို့အခွင့်အရေးတရပ်လို့ပဲ မြင်ပါတယ်။ အရင်ကတည်းကလည်း ဒီပါတီ၊ အဖွဲ့အစည်း ဘာညာတွေကို ကျွန်တော် တောက်လျှောက်ငြင်းလာတာပါ။ ဝင်ရင်များ မှန်မလားဆိုပြီး ဝင်တာဖြစ်ပါတယ်။ လုပ်ရေ၊ ကိုင်ရေ သိပ်အဆင်မပြေတော့ဘူးဆိုရင်တော့ ကျွန်တော်ကတော့ ပြောပြီးထွက်ပါ့မယ်။
မေး - နောက်ဆုံးအနေနဲ့ အခုလို တပ်မတော်အစိုးရမှာ ခန့်အပ်ခံရတဲ့အပေါ်မှာ ဖြည့်စွပ်ပြောချင်တာများရှိလား။
ဦးမောင်းဟာ - အဲတာနဲ့ပက်သက်ပြီးတော့မှ ကျွန်တော့်အဖေ ဦးဝမ္မသူးမောင်းကို ပြောတဲ့သူတစ်ယာက်ရှိတယ်။ သူကဘာပြောလဲဆိုရင် ခင်ဗျားအဖေက ဆွဲခန့်ပါတဲ့။ ကျွန်တော်လည်း အခုလိုပဲခံစားရပါတယ်။ ဆွဲခန့်ပါပဲ။