တပ်မတော် ရွေးကောက်ပွဲပြုလုပ်ပေးလျှင် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဒေါက်တာမနမ်တူးဂျာ၏ ပြောဆိုမှု ပါတီသဘောထားမဟုတ်ကြောင်း ၎င်းပါတီ၏ ဒု-ဥက္ကဋ္ဌ -၂ ဦးကွမ်ကရောင်အောင်ခမ်း ကပြောသည်။
“ဒါက သူ့သဘောထားသာဖြစ်တယ်။ ပါတီ CEC က ဘာမှ မဆုံးဖြတ်ရသေးဘူး” ဟု KSPP ၏ ဒု-ဥက္ကဋ္ဌ -၂ ဦးကွမ်ကရောင်အောင်ခမ်းက ပြောသည်။
တပ်မတော်က အရေးပေါ်အခြေအနေအဖြစ် နိုင်ငံတော်အာဏာကို တစ်နှစ်ရယူထားပြီး ရွေးကောက်ပွဲကျင်းပပြီးမှသာ ပြန်လည်လွဲပြောင်းပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် လူထုလက်ခံနိုင်သည့် ရွေးကောက်ပွဲဖြစ်ပါက KSPP အနေဖြင့် ပါဝင်သွားမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက ပြောကြားခဲ့ကြောင်း မြစ်ကြီးနားအခြေစိုက် သတင်းမီဒီယာတစ်ခုက ဖေဖော်ဝါရီ ၄ ရက်က ဖော်ပြခဲ့သည်။
သို့သော်လည်း KSPP ပါတီအနေဖြင့် ပေါင်းစည်းငါးပြည်နယ် နိုင်ငံရေးပါတီများဖြင့် အစည်းအဝေးပြုလုပ်ပြီးမှသာ တပ်မတော်အာဏာသိမ်းမှုနှင့်ပတ်သက်သော သဘောထားကို ထုတ်ပြန်မည်ဟု ဆိုသည်။
တပ်မတော်အာဏာသိမ်းပြီးနောက် ပြည်လည်ဖွဲ့စည်းသော ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီတွင် ဥက္ကဋ္ဌအဖြစ် ယခင်က KSPP ပါတီ၏ ဒု-ဥက္ကဋ္ဌ-၁ တာဝန်ယူခဲ့သော ဦးခက်ထိန်နန်ကို ခန့်အပ်ထားသည်။