အာဏာသိမ်းတပ်ကဖွဲ့စည်းလိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ချင်းတော်လှန်ရေးခေါင်းဆောင် ဦးဝမ္မသူမောင်း၏သား ဦးမောင်းဟာပါဝင်

အာဏာသိမ်းတပ်ကဖွဲ့စည်းလိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ချင်းတော်လှန်ရေးခေါင်းဆောင် ဦးဝမ္မသူမောင်း၏သား ဦးမောင်းဟာပါဝင်

မြန်မာ့တပ်မတော်က ပြည်သူ့အစိုးရထံမှ အာဏာသိမ်းယူလိုက်ပြီးနောက် ဖွဲ့စည့်လိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့တွင် မင်းတပ်မြို့နယ် ဝမ္မသူးရွာမှ ချင်းတော်လှန်ရေးခေါင်းဆောင် ဦးဝမ္မသူးမောင်၏သား ဦးမောင်းဟာ ပါဝင်ကြောင်းသိရသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့ကို ပြီးခဲ့သည့်ရက်ပိုင်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များအပြင် ပြင်ပလူပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရသူ ဦးမောင်းဟာက “ကျွန်တော့် နဂိုရည်ရွယ်ချက်ကတော့ သူတို့ဖုန်းဆက်ထားချက်အရ ပြည်နယ်အဆင့်လို့ဘဲထင်တာ၊ ပြည်နယ်အဆင့်ဆိုရင်တော့ ကိုယ်လည်း ပြောချင်ဆိုချင်တာရှိမယ်ပေါ့ဗျာ။ အဲလိုနဲ့ လုပ်ပါ့မယ်လို့ပြောလိုက်တာ။ အဲဒါနဲ့ သူတို့က ကိုယ်ရေးအချက်အလက်ကိုတောင်းတော့ စာစီပြီးတော့ Viber ကနေပို့လိုက်တယ်၊ ပို့လိုက်ပြီး နာရီဝက်အတွင်း အဲဒီလို သတင်းတက်လာတာပါ။ သူတို့ မနေ့ညနေပိုင်းကမှ ဆက်သွယ်တာပါ။ ပြောစရာဆိုစရာတော့ ပြောသွားမယ် ကျန်တာတော့ ဘာမှမသိသေးတော့ ဘာမှပြောလို့မရသေးဘူး” ဟု ပြောသည်။

 

တပ်မတော်မှအသစ်ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဥက္ကဌရာထူးရယူထားပြီး ဖေဖော်ဝါရီ ၃ ရက် ယမန်နေ့ညပိုင်းတွင် အဖွဲ့ဝင်များ ဖြည့်စွက်ဖွဲ့စည်းလိုက်သည့်စာရင်းတွင် ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်တို့ ပါဝင်လာခြင်းဖြစ်သည်။

 

ဦးမောင်းဟာသည် အစိုးရဘဏ်မန်နေဂျာအဖြစ်မှ ၂၀၁၂ ခုနှစ်တွင် ပင်စင်ယူခဲ့သူဖြစ်ပြီး လက်ရှိတွင် အမျိုးတော်စပ်သူတစ်ဦး၏ ကုမ္ပဏီတွင် ငွေစာရင်းကိုင်အဖြစ် လုပ်ကိုင်နေကြောင်း သိရသည်။

 

ဦးမောင်းဟာ၏ ဖခင်ဖြစ်သူ ဦးဝမ္မသူးမောင်းသည် ကိုလိုနီနယ်ချဲ့ ဗြိတိသျှတို့တော်လှန်ရေးစတင်ခဲ့သူဖြစ်ပြီး ချင်းလူမျိုးများအား စည်းရုံးကာ ချင်းအမျိုးသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ကိုထူထောင်ကာ နယ်ချဲ့ဗြိတိသျှကို ပြင်းပြင်းထန်ထန်တော်လှန်ခဲ့ရာမှ ၁၉၄၀ ဖေဖော်ဝါရီ ၂၀ ရက်တွင် သမိုင်းဝင် ကန်ပက်လက်သပိတ်ကြီး ဦးဆောင်ခဲ့ရာမှ ဗြိတိသျှတို့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသူဖြစ်သည်။

 

ဦးဝမ္မသူးမောင်းသည် ဒုတိယကမ္ဘာစစ်ကြီးအတွင်းကလည်း ချင်းတောင် ဖ.ဆ.ပ.လ ကို ဦးဆောင်ကာ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သူဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက် ချင်းဝိသေသတိုင်း၏ ပထမဆုံး ချင်းရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရကာ ၎င်း၏ဦးဆောင်မှုဖြင့် တိုက်သူကြီးအုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီစနစ်သို့ပြောင်းလဲကာ ချင်းအမျိုးသားနေ့ကို အကောင်အထည်ဖော်ခဲ့သည့် ချင်းအမျိုးသား သမိုင်းဝင်ခေါင်းဆောင်တစ်ဦးဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...