တိုင်းရင်းသားများ၏ တန်းတူရည်တူအခွင့်အရေးကို ဦးထိပ်ထားသော အစိုရကိုသာလိုလားကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချူပ် (KBC) က သဘောထားထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်ကို တပ်မတော်က စစ်အာဏာသိမ်းပြီး သုံးရက်မြောက်သောနေ့ဖြစ်သော ဖေဖော်ဝါရီလ ၃ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြန်မာ၊ ကချင်ဘာသာ နှစ်ဘာသာဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ဗဟိုဦးစီးစနစ်ကျင့်သုံးသည့် အာဏာရှင်စနစ်သည် သမ္မာကျမ်းစာဖြင့် ဆန့်ကျင်နေကြောင်း ဖော်ပြထားသည်။
“ဘာသာရေးအဖွဲ့ဆိုတာ အမှန်တရားပေါ် ရပ်တည်ရမယ်ဆိုပြီး ထုတ်ပြန်တာဖြစ်တယ်။ စစ်တပ်နဲ့ NLD အစိုးရ နှစ်ဖက်စလုံးက တိုင်းရင်းသားတွေအတွက် အဖြေမဟုတ်ပေမယ့် ဒီလိုအချိန်မှာ ကိုယ့်အတွက် အကျိုးမရှိဘူး ဆိုပြီး ငြိမ်နေရင် မတရားမှုကို သဘောတူပေးသလို ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့က သမ္မတရားပေါ်ရပ် တည်ပြီး ထုတ်ပြန်ချက်ထုတ်တာဖြစ်တယ်” ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ သိက္ခာတော်ရဆရာ ဆမ်ဆွန်က ပြောသည်။
ထုတ်ပြန်ချက်တွင် လူ့အခွင့်အရေး အပြည့်အဝခံစား၍ လုံခြုံငြိမ်းချမ်းပြီး တရားမျှတသော အနာဂတ်ရရှိစေရန် ဆုတောင်းမေတ္တာပို့ကြောင်း၊ တပ်မတော်က အာဏာသိမ်းလိုက်ခြင်းကြောင့် ကချင်စစ်ရှောင်ပြည်သူများ နေရပ်ပြန်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းစဉ်များအတွက် စိုးရိမ်မှုကြောင်း ထည့်သွင်းရေးသားထားသည်။
အလားတူ နိုင်ငံတော်အတွင်းတရားမျှတမှုများ ထွက်ပေါ်လာဖို့ KBC အသင်းသားများအနေဖြင့် နာရီပေါင်း ၁၂ နာရီ သို့မဟုတ် ၂၄ နာရီ အစာရှောင်ဆုတောင်းကြရန်လည်း တိုက်တွန်းထားသည်။
တပ်မတော်အာဏာသိမ်းသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး သုံးရက်မြောက်နေ့အထိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်က သဘောထားထုတ်ပြန်ထားခြင်းမရှိသည်ကို တွေ့ရသည်။