ဖေဖော်ဝါရီ ၁ ရက် နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့သည့် တပ်မတော်၏လုပ်ရပ်အပေါ် တိုင်းပြည်ကို ဒီမိုကရေစီစနစ်တည်ဆောက်ရေးလမ်းကြောင်းမှ သွေဖြည်စေပြီး အန္တရာယ်ကြီးမားသည့် နောက်ကြောင်းပြန်အနေအထားဖြစ်၍ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။
“ဘယ်လိုနည်းလမ်းနဲ့ဘဲဖြစ်ဖြစ် ဘယ်လိုအကြောင်းရာနဲ့ဘဲဖြစ်ဖြစ် အာဏာသိမ်းတယ်ဆိုတဲ့ဟာကို လူ့အခွင့်အရေးရှုဒေါင့်ကနေပြီးတော့ လက်ခံလို့ရမယ့်အနေအထားမှာမရှိဘူး၊ CHRO ရဲ့ ရပ်တည်ချက်နဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်တဲ့အတွက် အခုလို ထုတ်ပြန်ချက်ထုတ်ပြန်တာဖြစ်တယ်၊ အာဏာသိမ်းတာရဲ့ နောက်ဆက်တွဲအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နည်းနိုင်သမျှနည်းအောင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဖိအားပေးဖို့ ထုတ်ပြန်ချက်မှာလည်း တိုက်တွန်းရတာဖြစ်တယ်” ဟု ချင်းလူ့အခွင့်ရေးအဖွဲ့မှ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဆလိုင်းဆန်နှင်းလျန်ကပြောသည်။
CHRO ၏ ထုတ်ပြန်ချက်တွင် အာဏာသိမ်းမှုကြောင့် တိုင်းပြည်၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအလားအလာများကို ပျက်စီးစေပြီး၊ ကိုဗစ်ကပ်ရောဂါနှင့် ရင်ဆိုင်နေကြရသည့်ကာလတွင် တိုင်းပြည်၏ ရှိရှိသမျှ ရင်းမြစ်များအားလုံးနှင့် ကာကွယ်တာဆီးရေးလုပ်ငန်းများ လုပ်ကိုင်ရမည့်အချိန်တွင် မြန်မာ့တပ်မတော်၏လုပ်ရပ်သည် ပြည်သူလူထု၏ဘဝများကို အန္တရာယ်တွင်းသို့ မဆင်မခြင်ဆွဲခေါ်နေခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် တပ်မတော်အနေဖြင့် အစိုးရအဖွဲ့ခေါင်းဆောင်များ၊ သတင်းသမားများ၊ စာရေးဆရာများနှင့် အရပ်ဘက်တက်ကြွလှုပ်ရှားသူများ အပါအဝင် ဖမ်းဆီးထားသူများအားလုံးကို ချက်ချင်းလွှတ်ပေးရန် ချင်းလူ့အခွင့်အရေးအဖွဲ့အနေဖြင့် တောင်းဆိုပြီး နိုင်ငံရေးနှင့်ဆက်နွယ်၍ ဆက်လက်ဖမ်းဆီးမှုများ မပြုလုပ်ရန် အလေးအနက်တိုက်တွန်းကြောင်း ပါဝင်သည်။
ချင်းလူ့အခွင့်ရေးအဖွဲ့သည် မြန်မာ့တပ်မတော်၏ အာဏာသိမ်းမှုလုပ်ရပ်အား အများက ရှုတ်ချနေမှုများနှင့်အတူ ခိုင်ခိုင်မာမာရပ်တည်လျက် မတရားမှုများကို တိုက်ဖျက်ကာ တရားမျှတငြိမ်းချမ်းပြီး တန်းတူညီမျှမှုရှီသည့် ဒီမိုကရေစီအနာဂတ်တည်ဆောက်ရေးဆီသို့ မြန်မာပြည်သူပြည်သားများနှင့်အတူ ညီညီညွတ်ညွတ် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထဲတွင်ဖော်ပြထားသည်။