ဒီမိုကရေစီအရပ်သားအစိုးရထံမှ မြန်မာ့တပ်အာဏာသိမ်းယူခြင်းကြောင့် NCA နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်ဆိုင်းသွားနိုင်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ထုတ်ပြန်ကြေညာလိုက်သည်။
ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းတွင် မြန်မာ့တပ်မတော်က ဒီမိုကရေစီအရပ်သားအစိုးရထံမှ အာဏာသိမ်းယူပြီး အရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်းသည် ယုံကြည်မှုတည်ဆောက်ခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ထိခိုက်စေပြီး ဒီမိုကရေစီနှင့် ဆန့်ကျင်သောကြောင့် အာဏာသိမ်းခြင်းကို ကန့်ကွတ်ကြောင်း၊ ဖက်ဒရယ်နှင့်ဒီမိုကရေစီအတွက် ပြည်သူ့လူထုတရပ်လုံးနှင့် အတူတကွရပ်တည်ပြီး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၏ ဖေဖော်ဝါရီ ၁ ရက် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်အကောင်အထည်ဖော်ဆောင်ရွက်နေသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့သည် အာဏာသိမ်းခြင်းကြောင့် ရပ်ဆိုင်းသွားနိုင်ကြောင်း RCSS/SSA ၏ကြေညာချက်တွင် ဖော်ပြထားသည်။
ဆက်လက်၍ အာဏာသိမ်းခြင်းအပြီး ဖြစ်ပေါ်လာသော နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့က တွေ့ဆုံဆွေးနွေးညှိနှိုင်းကာ ငြိမ်းချမ်းစွာဖြေရှင်းကြရန် RCSS က တိုက်တွန်းထားသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။
Published
Tuesday, February 02, 2021
အရပ်သားအစိုးရထံမှ တပ်အာဏာသိမ်းယူမှုကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်ဆိုင်းသွားနိုင်ဟု RCSS ထုတ်ပြန်