လွှတ်တော်ပြင်ပ နိုင်ငံရေးလှုပ်ရှားမှုများ အားကောင်းစေရန်ရည်ရွည်ချက်ဖြင့် လွှတ်တော်ပြင်ပအင်အားစုများနှင့် လွှတ်တော်တွင်းအင်အားစုများပူးပေါင်း၍ နှီးနှောဖလှယ်ပွဲကို နှစ်ရက်ကြာကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲကို စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်နှင့် မိတ်ဖတ်အဖွဲ့အစည်းများက ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှ ၃၀ ရက်နေ့အထိ အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ပဥ္စမအကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဓိက ကတော့ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေပါမယ်။ နိုင်ငံရေးအင်အားစုတွေပါမယ်။ တိုင်းရင်းသားလက်နတ်ကိုင်အင်အားစုတွေပါမယ်။ နောက်တစ်ခုက အရပ်ဖတ်လူမှုအဖွဲ့အစည်းတွေပါမယ်။ အားလုံးစပ်ဆက်ပြီးတော့ တိုင်းပြည်နဲ့ပတ်သက်တဲ့ အပြောင်းအလဲတွေ ပြောင်းစရာရှိတာ ပြင်စရာရှိတာတွေကို ဒီလွှတ်တော်ပြင်ပမှာရှိတဲ့ နိုင်ငံရေးလှုရှားမှုအားကောင်းလာအောင်ဆောင်ရွက်ရင်းနဲ့ တပြိုင်နက်အတွင်းမှာပဲ လွတ်တော်အ တွင်းမှာ ပြင်ဆင်သွားနိုင်ရေးကိစ္စကြိုးစားပြီးဆောင်ရွက်သွားမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ဒီပဥ္စမအကြိမ် ဒီ UNA နဲ့ မိတ်ဖတ်အဖွဲ့အစည်းတွေရဲ့ ညီလာခံကို ကျွန်တော်တို့ကျင်းပခဲ့တာဖြစ်ပါတယ်” ဟု စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) အဖွဲ့မှ အလုပ်အဖွဲ့၀င် ဦးအောင်မိုးဇော်က ပြောသည်။
ယင်းနှီးနှောဖလှယ်ပွဲတွင် ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ကိုဗစ်အလွန်ကာလ မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ထူထောင်ရေး စသည့်အချက်များကို အဓိကထား တွေးဆွေးခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ တိုင်းရင်းသားများ၏ ပါ၀င်နိုင်မှုနည်းပါးနေကြောင်း UNA အလုပ်အဖွဲ့၀င် ဦးညွန့်လွင်က ပြောသည်။
“လောလောဆယ်အနေနဲ့ကတော့ ကျွန်တော်တို့အနေနဲ့ နောက်ဆုံး ၂၀၁၉ ခုနှစ်မှလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ ပြည်ထောင်စုလွတ်တော်မှာ ကော်မတီတွေဖွဲ့ပြီး ၄၅ ဦးကော်မတီဖွဲ့ပြီး ဆောင်ရွက်တာရှိပါတယ်။ အဲတုန်းကတော့ ကျွန်တော်တို့ UNA ရဲ့ အခြေခံသဘောထားတွေ အခြေခံမှုတွေကို ကျွန်တော်တို့ အချက်အလတ်ပေါင်းတစ်ထောင်ကျော် ပြည်ထောင်စုလွတ်တော်မှာ SNLD အနေနဲ့တင်ခဲ့ပါတယ်။ အဲဒီတင်ခဲ့တဲ့ဟာအားလုံးက ဒီ UNA နဲ့ဆွေးနွေးထားတဲ့အခြေခံမှုတွေပါ ကျွန်တော်တို့ အဲလောက်ပဲလောလော ဆယ်လုပ်နိုင်ပါတယ်” ဟု ဦးစိုင်းညွန့်လွင်ကပြောသည်။
စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) အဖွဲ့ဝင် နိုင်ငံရေးပါတီ ၁၃ ပါတီပါရှိပြီး ၎င်းတို့မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ၊ ကရင်အမျိုးသားပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ (10) ခူမီး (ခမီး) အမျိုးသားပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီတို့ဖြစ်ကာ မိတ်ဖတ်အဖွဲ့အစည်း ၁၃၄ ဖွဲ့ရှိကြောင်းသိရသည်။