စားနပ်ရိက္ခာလိုအပ်ချက်များဖြင့် ကြုံတွေ့နေရသည့် ရခိုင့်စစ်ဘေးရှောင်များကို အစိုးရအနေဖြင့် ယခင်ထက် ပိုမိုထောက်ပံ့မှုတွေပေးစေလိုကြောင်း မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။
“ကျွန်တော်တို့ဒေသမှာ ရွေးကောက်ပွဲလည်းမလုပ်ဖြစ်တဲ့အတွက် ၂၀၂၀- ၂၀၂၁ ကြားကာလမှာ ကိုယ်စားလှယ်မရှိဘဲ ဖြတ်သန်းရမဲ့အခြေအနေရှိနေပါတယ်။ အခုစစ်ဘေးရှောင်တွေကို နဂိုထောက်ပံ့ပေးနေတာထက် ထောက်ပံ့ဖို့လိုအပ်တယ်။ ပြီးတော့ ကျနော်တို့ မင်းပြားမြို့မှာဆိုရင် မိမိနေရပ်ကို ပြန်ချင်တဲ့လူတွေရှိတယ်” ဟု ရခိုင်အမျိုးသားပါတီမှ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။
စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးနှင့် လိုအပ်သည်များကို ထောက်ပံ့ပေးသွားရန် စီစဉ်နေကြာင်း အစိုးရဝန်ကြီးတစ်ဦးက ကတိပြုပြောခဲ့ဖူးသော်လည်း လက်ရှိတွင် တစ်စုံတစ်ရာကူညီမှုများ မရှိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
“မိမိနေရပ်ကို ပြန်ချင်တဲ့လူတွေကိုလည်း အစိုးရကတာဝန်ယူပြီးတော့ ဆောင်ရွက်ပေးသွားမယ်ဆိုပြီးတော့ ဝန်ကြီးကိုယ်တိုင် မီဒီယာတွေကို ပြောတာတွေတော့ ကြားမိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ မင်းပြားမြို့နယ်မှာ မိမိနေရပ်ကို ပြန်ပြီးတော့ သွားနေကြတာတွေရှိပါတယ်။ အဲဒါတွေကို တစ်စုံတရာတစ်ထောက်ပံ့မှုတွေ မရှိသေးဘူး။ ကျန်တဲ့ စစ်ဘေးရှောင်တွေလည်း အခက်အခဲတွေကြုံနေကြတယ်။ သူတွေတို့မှာ အဝတ်အစားတွေ အခက်အခဲကြံုတွေ့နေကြတယ်။ ဝတ်စရာမရှိဘဲ အခက်အခဲဖြစ်တဲ့အနေအထားတွေ အဲလိုအခက်အခဲတွေကို ကျွန်တော့်အနေနဲ့တော့ ဆန်တစ်ခုတည်းပေးတဲ့အနေအထားမဟုတ်ဘဲ ကျန်တဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးဖို့အတွက်အဆိုမှာလည်း ဆွေးနွေးခဲ့တယ်။ အဲလိုဆွေးနွေးခဲ့သလို အစိုးရအနေနဲ့လည်း လုပ်ပေးစေချင်တယ်” ဟု မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။
လက်ရှိတွင် လွှတ်တော်ကိုယ်စားလှယ်သက်တမ်း ကုန်ဆုံးမည့်ရက်သည်လည်း ရက်ပိုင်းသာလိုတော့သဖြင့် လွှတ်တော်ကိုစားလှယ်မဟုတ်သော်လည်း ဒေသခံများ၏ အခက်အခက်များကို မိမိ၏ပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီနှင့်ပူးပေါင်းကာ အစိုးရနှင့် တိုင်ပင်ဆွေးနွေး၍ အတတ်နိုင်ဆုံး ကူညီပေးသွားမည်ဖြစ်ကြောင်း သူကပြောသည်။