၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အစိုးရဌာနဆိုင်ရာများအတွက် ဖြည့်စွက်ခွင့်ပြုငွေဖြစ်သည့် သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ် ၂.၂ ဘီလီယံကျော် ထပ်မံခွင့်ပြုပေးရန် အဆိုကို ဇန်နဝါရီ ၂၇ ရက်တွင်ကျင်းပသည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၂၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) တွင် ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့သည့်အတွက် ထပ်မံရရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၂.၂ ဘီလီယံကျော်ကို ထပ်မံချပေးရန် ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ပြည်နယ်လွှတ်တော် (ပထမနေ့) တွင် အဆိုတင်သွင်းခဲ့ရာ အတည်ပြုခံရခြင်းဖြစ်ပြီး ယခင်ကတည်းက ကယားပြည်နယ်၏ ၂၀၂၀-၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ဌာနဆိုင်ရာအားလုံးအတွက် ခန့်မှန်းခြေအသုံးစရိတ်ကို ၈၈ ဘီလီယံ ခွင့်ပြုထားပြီးဖြစ်ရာ ယခုလိုထပ်မံခွင့်ပြုလိုက်သဖြင့် ကယားပြည်နယ်အတွက် သာမန်စရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ်အတွက် ၉၀.၂ ဘီလီယံကျော်ရှိသွားမည်ဖြစ်သည်။
ဖြည့်စွက်ခွင့်ပြုငွေထပ်မံတောင်းခံလာသည့်ဌာနတွင် ပြည်နယ်စာရင်းစစ်ချုပ်ရုံးမှ ကျပ်သန်းပေါင်း (၂.၃၃၆)၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျပ်သန်းပေါင်း (၁၅၉.၉၁၇)၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျပ်သန်းပေါင်း (၆၆.၀၂၆)၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ကျပ်သန်းပေါင်း (၂၀၃.၄၅၄)၊ ပြည်နယ်အစိုးရရဲ့ ခေါင်းစဉ်အောက်က ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ကျပ်သန်းပေါင်း (၆၃၁.၁၅၉)၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျပ်သန်းပေါင်း (၃၄.၀၇၀)၊ ပြည်နယ်မီးသတ်ဦးစီးဌာနမှ ကျပ်သန်းပေါင်း (၂၆.၆၁၅)၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ကျပ်သန်းပေါင်း (၉.၂၇၆)၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျပ်သန်းပေါင်း (၉၈.၂၁၂)၊ ပြည်နယ်လမ်းဦးစီးဌာနမှ ကျပ်သန်းပေါင်း (၂၈.၀၀၀)၊ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျပ်သန်းပေါင်း (၅၄၇.၄၉၃) ဖြစ်သည်။
ဘတ်ဂျက်တင်ပြတောင်းဆိုသည့်အခါ နှံ့နှံ့စပ်စပ်လေ့လာကြရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြန်ဌာန်းထားသည့် ဇယား (၂)၊ ဇယား (၅) ကို သိရှိနားလည်ပြီး ဖက်ဒရယ်ဒီမိုကရေစီနစ်ကို အောင်မြင်အောင်တည်ဆောက်နိုင်ရန် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ဆွေးနွေးထောက်ပြခဲ့သည်။
“ဘတ်ဂျက်တွေမလိုအပ်ဘဲ ထပ်တလဲလဲတောင်းနေတယ်ဆိုလို့ရှိရင် ပြည်နယ်ရန်ပုံငွေက တအားနစ်နာဆုံးရှုံးတယ်။ ဒါကို ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ စာရင်းစစ်တွေ ထိထိရောက်ရောက် စစ်စေချင်တယ်ပေါ့နော်” ဟု ဦးအောင်နိုင်ဦးက ပြောသည်။