လီဆူတိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ချုပ်ပါတီမှ ဥက္ကဌ ဦးရွှေမင်းနှင့်အင်တာဗျူး
တပ်မတော်အပါအဝင် အခြားသောနိုင်ငံရေးပါတီများအနေဖြင့် လွှတ်လပ်ပြီး ပွင်းလင်းမြင်သာသည့် ရွေးကောက်ပွဲရလဒ်ဖြစ်ကြောင်း ထုတ်ဖော်ပြသနိုင်မည်ဆိုလျှင် ပြည်သူ့ဆန္ဒအမှန် ထင်ဟပ်မည်ဖြစ်၍ ပြည်သူ့ဆန္ဒနှင့်အညီ လက်ခံသွားမည်ဖြစ်ကြောင်း တပ်မတော်မှထုတ်ပြန်ခဲ့သလို ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၊ ပုဒ်မခွဲ (င) (စ) တို့အား တပ်မတော်မှ ကိုးကားထားသည်။ ထို့ကြောင့် တပ်မတော်၏ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တိုင်းရင်းသားပါတီများ၏ သဘောထားများ၊ အမြင်များကို လီဆူတိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ချုပ်ပါတီမှ ဥက္ကဌ ဦးရွှေမင်းအား ယခုလို ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါသည်။
မေး - တပ်မတော်က ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်တွေ ထုတ်ပြန်နေတဲ့အပေါ် တိုင်းရင်းသားပါတီအနေနဲ့ဘယ်လို သုံးသပ်ချင်လဲ သုံးသပ်ပေးပါအုံး။
ဦးရွှေမင်း - ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အဓိက နှစ်ဖက်စလုံးပြောနေတာကတော့ ဥပဒေအတိုင်းသွားနေတယ်ပေါ့နော်။ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသွားနေတယ်ပြောပါတယ်။ တပ်မတော်ဘက်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း သူ့ရဲ့ဥပဒေဘောင်အတွင်းက လုပ်ဆောင်နေတာဖြစ်တယ်လို့ပြောတယ်။ တစ်ဖက်ကလည်း ဥပဒေအတိုင်းလုပ်ဆောင်နေတယ်လို့ပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့တိုင်းရင်းသားပါတီအနေအကြံပြုချင်တာကတော့ ဥပဒေအတိုင်းက သွားကြမှာဘဲ သို့သော် အကောင်းဆုံးကတော့ ညှိနိုင်းအဖြေရှာပြီး လုပ်ဆောင်သွားမှသာ ကျွန်တော်တို့နိုင်ငံရေးရှေ့ရေးဟာ ပိုမိုကောင်းမွန်လာမယ်။ ကျွန်တော်တို့မျှော်မှန်းတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဘဲပြောပြော သွားတဲ့လမ်းမှာလည်း ပိုပြီးအထောက် အကူပြုလိမ့်မယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း တစ်ဖက်နဲ့တစ်ဖက်တင်းမာနေမှု ဆက်ပြီးရှိမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံ တိုးတက်မူအတွက်လည်း အဟန့်အတားဖြစ်ပါတယ်။ အဲတော့အကောင်းဆုံးကတော့ ညှိနိုင်းပြီးတော့ အဖြေရှာနိုင်တဲ့လုပ်ငန်းစဉ်ကို လုပ်ကိုင်နိုင်မယ်ဆိုရင် ပိုပြီးတော့ ထိရောက်ပါလိမ့်မယ်လို့ အကြုံပြုချင်ပါတယ်။
မေး - တပ်မတော်က မဲစာရင်းစိစစ်တဲ့ကိစ္စကို ရွေးကောက်ပွဲနောက်ပိုင်းမှာ တောက်လျှောက်ထုတ်ပြန်လာတယ်။ ခုနောက်ပိုင်းဆိုရင် ထုတ်ပြန်လာတာ ပိုများလာတယ်လို့ပြောလို့ရတယ်ပေါ့နော်။ ဒါပေမယ့် ဒီထုတ်ပြန်ချက်ပေါ် အစိုးဘက်ကသော် လည်းကောင်း၊ UEC ဘက်ကသော်လည်းကောင်း ဒီထုတ်ပြန်ချက်တွေအပေါ်မှာတစ်စုံတစ်ရာတုံ့ပြန်တာမရှိဘူး။ ဥပမာ - အစိုးရကဖြစ်ဖြစ် UECက ဖြစ်ဖြစ် အပြုသဘောဆောင်တဲ့ တုံ့ပြန်မူမျိုးရှိခဲ့မယ်ဆိုရင်ကော ဒီလိုထုတ်ပြန်ချက်တွေက လျော့ကျလာနိုင်တဲ့အခြေအနေရှိမလား။
ဦးရွှေမင်း - လျော့လာနိုင်လားဆိုတော့ လျော့လာနိုင်ပါတယ်။ အဓိကတစ်ဖက်ကတောင်းဆိုတာကို တစ်ဖက်ကလည်း ဒါကိုဖြေရှင်း ပေးမယ်ဆိုရင်တော့ လျော့လာနိုင်ပါတယ်။
မေး - ဒါပေမယ့် လက်ရှိချိန်ထိ နှစ်ဖက်စလုံးက ဆွေးနွေးညှိနိူင်းမူမျိုး မရှိတဲ့ချိန်မှာ ဒီလိုမသိမသာနဲ့နေမယ်ဆိုရင် ထိပ်တိုက်တွေ့လာနိုင်မယ့်အခြေနေမျိုးရှိလာနိုင်လား။ အဲလိုထိပ်တိုက်တွေ့ခဲ့ရင်ရော ဘယ်လိုဆက်ဖြစ်လာနိုင်လဲ။
ဦးရွှေမင်း - ဟုတ်ပါတယ်။ တင်းမာမူမျိုးက ဘယ်တင်းမာမူမျိုးမဆို အပြန်အလှန်မလျော့ရင် ထိပ်တိုက်ရင်ဆိုင်မူမျိုး ဦးတည်သွားနိုင်ပါတယ်။အဲတော့ ထိပ်တိုက်ရင်ဆိုင်မူမျိုးဖြစ်လာပြီဆိုရင် လူပုဂ္ဂိုလ် နှစ်ဦးဘဲဖြစ်ဖြစ် အဖွဲ့အစည်းနှစ်ဖွဲ့ဖြစ်ဖြစ် ဘယ်နေရာဘဲဖြစ်ဖြစ် ကောင်းကျိုးဖြစ်ပေါ်လာစရာအကြောင်းမမြင်ဘူး။ ဆိုးကျိုးကိုဦးတည်သွားနိုင်တယ်။ခုကနိုင်ငံတော်ရဲ့အရေး ဖြစ် တဲ့ အတွက် ပိုပြီးတော့မှစဉ်းစားတွေးခေါ်ပြီတော့ သဘောထားကြီးစွာဆွေးနွေးညှိနိူင်းအဖြေရှာမှသာ အနာဂတ်မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အဆင်ချောမွေ့နိုင်မယ်လို့ မြင်ပါတယ်။ဒါမှမဟုတ်ရင် ငြိမ်းချမ်းရေးရဖို့ကလည်း မလွယ်ဘူး။ ဖက်ဒရယ်ဒီမိုကရေ စီပြည်ထောင်စုရဖို့ကလည်းမလွယ်ပါဘူး။ အဟန့်အတားဖြစ်စေပါတယ်။အဲကြောင့် အကောင်းဆုံးကတော့ တစ်ဖက်ကတောင်းဆို ရင် တစ်ဖက်ကဖြေရှင်းပေးတာမျိုး လုပ်ပေးစေချင်တယ်။အဲလိုမဟုတ်ရင်တော့ ထိပ်တိုက်တွေ့နိုင်တယ် ထိပ်တိုက်တွေ့ပြီဆိုရင် ကျွန်တော်တို့နိုင်ငံအတွက်ကောင်းကျိုးထက် ဆိုးကျိုးပိုများလာနိုင်ပါတယ်။
မေး - ထိပ်တိုက်တွေ့နိုင်တယ်ဆိုရင် တပ်မတော်နဲ့အစိုးရလား။ ဒါမှမဟုတ် UEC နဲ့လား။
ဦးရွှေမင်း - ဖွဲ့စည်းပုံအခြေခံဥပဒေ လုံးဝပြီးပြည့်စုံတဲ့ဥပဒေဖြစ်ချင်မှလည်း ဖြစ်မယ်။ ဥပဒေမှာကိုယ်လိုရာအဓိပ္ပါယ်ဖွင့်ဆိုချက် တွေအမျိုးမျိုး ရှိနိုင်ပါတယ်။အဲတော့မှန်တယ်ဆိုရင် နှစ်ဖက်လုံးမှန်တယ်လို့ပြောစရာရှိသလို နှစ်ဖက်စလုံးကလည်း မမှားဘူးလို့ လည်း ပြောလို့မရတဲ့အခန်းကဏ္ဍတွေများကြီးရှိနိုင်တယ်။အဲတော့ တင်းမာမူကြောင့် ထိပ်တိုက်တွေ့နိုင်ပေမယ့် ဘယ်ဟာနဲ့တွေ့နိုင် မလဲဆိုတာတော့ ပြောရခက်တယ်။
မေး - တပ်မတော်ရဲ့ဇန်နဝါရီ ၁၉ ရက်က ထုတ်ပြန်ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုးကားထားတာတွေ့ရတယ်။ ဒီကိုးကားချက်ကို ကြည့်မယ်ဆိုရင် နိုင်ငံရဲ့အလားအလာက ဘယ်အထိဖြစ်သွားနိုင်လဲ။
ဦးရွှေမင်း - တပ်မတော်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပေးထားတဲ့ လုပ်ပိုင်ခွင့်သူ့မှာလည်းရှိပါတယ်။ တစ်ကယ်လို့ပေးထားတဲ့ ချက်အရ လုပ်ပိုင်ခွင့်တွေအတိုင်းလုပ်မယ်ဆိုလည်းလုပ်လို့ရတယ်။ပေးထားချက်မဟုတ်ဘဲ ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းကိုကြည့်မယ် ဆိုရင်မျိုးစုံဖြစ်လာတယ်။အခုကျွန်တော်တို့ကောလဟာလဖြစ်လာတဲ့ သတင်းတွေကြည့်မယ်ဆိုရင် နိုင်ငံတော်ကိုထိန်းသိမ်းတာ လုပ်လို့မရရင် နိုင်ငံတော်ကို အာဏာသိမ်းတဲ့အထိဖြစ်ပေါ်လာနိုင်တယ်။
မေး - နောက်ဆက်တွဲအနေနဲ့တိုင်းရင်းသားတွေလိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဘယ်အခြေအနေဖြစ်လာနိုင်လဲ။
ဦးရွှေမင်း - အာဏာသိမ်းမှုဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထားချက်ရှိခြင်းမရှိခြင်းနဲ့မဆိုင်တော့ဘူး အဲအတွက်ကျွန် တော်တို့က ခုလက်ရှိအာဏာသိမ်းလိုက်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေပျက်ပြယ်သွားနိုင်သလို ထိပ်တိုက်ရင်ဆိုင်မူဖြစ်ပေါ်မယ်။ကမ္ဘာ့ အလယ်မှာလည်း မျက်နှာငယ်သွားမယ်။ ပြီးတော့ကျွန်တော်တို့သွားနေတဲ့ ဒီမိုကရေစီခရီးလမ်းကလည်း တန့်သွားနိုင်တယ်။ အဲ တော့လုပ်ပိုင်ခွင့်ကတော့ ရှိကြမှာဘဲ အဓိကတော့ ဥပဒေစာအုပ်ကြီးအတိုင်းသာ ကိုင်ပြီးတော့ တင်းမာမူမျိုး ထိပ်တိုက်ရင်ဆိုင်မှု မျိုးသာ ဖြစ်သွားမယ်ဆိုရင် ကျနော်တို့မျှော်မှန်းထားတဲ့ ဒီမိုကရေစီအရွေ့ခရီးဟာနောက်ပြန်ဆုတ်သွားနိုင်တယ်။
မေး - တပ်မတော်ထုတ်ပြန်ချက်ကို ခြုံကြည့်မယ်ဆိုရင်ရော တပ်မတော်က ဒီလိုထုတ်ပြန်နေတာဟာ ဘယ်လမ်းကြောင်းကိုဦးတည် သွားနေတယ်လို့ ယူဆနိုင်လဲ။
ဦးရွှေမင်း - အဲဒါက ရူထောင့်အမျိုးမျိုးကနေ ကြည့်လို့ရပါတယ်။ တစ်ဖက်ကတပ်မတော်သည် အခြေခံဥပဒေကိုထိန်းသိမ်း ကာကွယ်ရမယ် နိုင်ငံတော်ကိုထိန်းသိမ်းကာကွယ်ရမယ်ဆိုတဲ့ဟာတွေ ထိန်းသိမ်းကာကွယ်စောက်ရှောက်ရန်တာဝန်ရှိတဲ့ အဖွဲ့အ စည်းတစ်ခုအနေနဲ့ တာဝန်လုပ်ဆောင်နေတယ်လို့မြင်တယ်။ တစ်ဖက်ကဆိုရှယ်မီဒီယာက ကြည့်မယ်ဆိုရင် ဒါကတစ်ဖက်ကို တိုက်ခိုက်တယ်ပေါ့နော်။
မေး - ဘာများဖြည့်စွပ်ပြီးပြောချင်ပါသလဲ။
ဦးရွှေမင်း - ဖြည့်စွပ်ပြောချင်တာကတော့ ဆွေးနွေးအဖြေရှာညှိနိင်းခြင်းသာ အဓိကဖြစ်တယ်။ တစ်ဖက်ဝေဖန်ရင်တစ်ဖက်က ဖြေရှင်းမယ်။ အချင်းချင်းဆိုတဲ့ စိတ်သဘောထားထားပြီးတော့ အနာဂတ်မြန်မာပြည်ကြီးတိုးတက်ဖို့အတွက် စဉ်းစားပေးစေချင် ပါတယ်။