တပ်က ရွေးကောက်ပွဲရလဒ် လက်ခံ/မခံက မဲစာရင်းကိစ္စ ဖြေရှင်းမည့်အပေါ်မူတည်

တပ်က ရွေးကောက်ပွဲရလဒ် လက်ခံ/မခံက မဲစာရင်းကိစ္စ ဖြေရှင်းမည့်အပေါ်မူတည်

ရွေးကောက်ပွဲရလဒ်ကို လက်ခံ/မခံ ဆိုသည်မှာ တပ်မတော်က စိစစ်ထုတ်ပြန်ထားသော မဲစာရင်းကွာဟချက်များကို ဖြေရှင်းပေးမှုအပေါ် မူတည်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

“ရွေးကောက်ပွဲကို လက်ခံ/မခံက အခုစိစစ်ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေကို ဖြေရှင်းပေးမှုအပေါ် မူတည်ပါတယ်” ဟု ၎င်းကပြောသည်။

 

နေပြည်တော် စစ်သမိုင်းပြတိုက်တွင် ဇန်နဝါရီ ၂၆ ရက်တွင်ပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ “မဲစာရင်းများအား စိစစ်တွေ့ရှိချက်နှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်” အား ထုတ်ပြန်ခဲ့ရသည့် အကြောင်းအရင်းနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ရွေးကောက်ပွဲရလဒ်အပေါ် တပ်မတော်အနေဖြင့် တိကျစွာဖြေကြားခြင်းမရှိသော်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တတိယအကြိမ်ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးသို့တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်သည်။

 

ယင်းကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “လွှတ်တော်တက်ဖို့အတွက် ပြင်ဆင်နေတဲ့အပိုင်းသည် သူ့အပိုင်းနဲ့သူပဲဖြစ်ပါတယ်။ သူ့ကဏ္ဍနဲ့သူပဲဖြစ်တယ်။ ဟိုအပိုင်းနဲ့ ဒီအပိုင်းနဲ့ကို ရောယှက်ပြီးတော့ တွေးလို့လည်းမရဘူးလို့ ကျွန်တော်တို့ ပြောချင်ပါတယ်” ဟုပြောသည်။

 

တပ်က အာဏာမသိမ်းရန် အာမမခံကြောင်းလည်း အဆိုပါသတင်းစာရှင်းလင်းပွဲတွင်ပင် ဗိုလ်မှူးချုပ်ကပြောကြားခဲ့ပြီး ၎င်းတို့ထုတ်ပြန်ထားသည့် မဲစာရင်းစိစစ်တွေ့ရှိချက်များနှင့်ပတ်သက်၍ အစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့က ဖြေရှင်းပေးရန် တာဝန်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

တပ်အနေဖြင့် မဲစာရင်းပြန်လည်စိစစ်မှုများ ပြုလုပ်လျက်ရှိပြီး ယခင်က တပ်မတော်သားများမဲပေးခဲ့သည့် မဲရုံများကိုသာ စစ်ဆေးမည်ဟုဆိုထားသော်လည်း လက်တွေ့တွင်မူ အခြားသောမြို့နယ်များကိုပါ စစ်ဆေးမှုပြုလုပ်ခဲ့သည်။

 

တပ်ဘက်က ၂၉ ကြိမ်အထိ ထုတ်ပြန်ထားသော မဲစာရင်းစိစစ်ချက်စာရင်းများတွင် မဲမသမာမှုဖြစ်စေနိုင်သည်ဆိုသော အရေအတွက်မှာ ရှစ်ဒသမခြောက်သန်းရှိကြောင်း ဖော်ပြထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...