တပ်မတော်က အာဏာမသိမ်းဟု အာမမခံနိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
“မရပါဘူး။ တပ်မတော်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေအားလုံးကို လိုက်နာသွားမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
နေပြည်တော် စစ်သမိုင်းပြတိုက်တွင် ဇန်နဝါရီ ၂၆ ရက်တွင်ပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ “မဲစာရင်းများအား စိစစ်တွေ့ရှိချက်နှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်” အား ထုတ်ပြန်ခဲ့ရသည့် အကြောင်းအရင်းနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်အနေဖြင့် အာဏာသိမ်းဖို့မရှိဘူးလို့ မှတ်ယူလို့ရမလားဟု သတင်းဌာနတစ်ခု၏ မေးမြန်းချက်အပေါ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ကနေ သွေဖယ်သွားမယ့် လုပ်ဆောင်မှုတွေ မလုပ်ဆောင်ဖို့လိုပါတယ်။ မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်း တာဝန်ထမ်းဆောင်မှုမျိုးမဆို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြဌာန်းထားတဲ့ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး လိုရာဆွဲပုံဖော်နေတာဟာ ဒီမိုကရေစီစနစ်ကို ယိမ်းယိုင်ပုံပျက်စေမှာဖြစ်ပါတယ်” ဟု ပြောသည်။
တပ်မတော်အနေဖြင့် တပ်မတော်သားများမဲထည့်ခဲ့သည့် မဲရုံများအပါအဝင် မြို့နယ်ပေါင်းသုံးရာကျော်မှ မဲရုံများကိုစိစစ်ခဲ့ပြီး ယင်းစိစစ်ချက်အရ မဲစာရင်းမှားယွင်းမှုနှင့် မဲမသမာမှုဖြစ်နိုင်သောမဲစာရင်း သန်းချီတွေ့ရကြောင်းနှင့် ထိုအခြေအနေကို ပြန်လည်ရှင်းလင်းပေးရန်လိုအပ်ကြောင်း ၎င်းကပြောသည်။
၎င်းရှင်းလင်းချက်အပေါ်ကြည့်၍ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲရလဒ်ကို လက်ခံ/မခံ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားသွားခဲ့သည်။
တပ်မတော်အနေဖြင့် မြို့နယ် ၃၀၀ ကျော်တွင် မဲစာရင်းစိစစ်တွေ့ရှိချက်များကို အကြိမ် ၂၉ အထိ ထုတ်ပြန်ခဲ့ရာ မဲသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်းနှင့် မဲမသမာမှုပြုနိုင်သည့် တခြားမဲမဲစာရင်းအားလုံးပေါင်း ရှစ်သန်းခြောက်သိန်းကျော် တွေ့ရှိရသည်ဟု ဆိုသည်။
Published
Wednesday, January 27, 2021
အာဏာမသိမ်းဟု အာမမခံနိုင်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော