အစိုးရဖွဲ့စည်းရေးနှင့် လွှတ်တော်ခေါ်ယူရန် ဥပဒေအတိုင်းဆောင်ရွက်နေဟုဆို

အစိုးရဖွဲ့စည်းရေးနှင့် လွှတ်တော်ခေါ်ယူရန် ဥပဒေအတိုင်းဆောင်ရွက်နေဟုဆို
by -
စိုင်းထွန်းစံ (MNA)

အစိုးရဖွဲ့စည်းနိုင်ရေးနှင့် လွှတ်တော်ခေါ်ယူရန်အတွက် ဥပဒေအတိုင်းဆောင်ရွက်နေကြောင်း ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်ကဆိုသည်။

 

“ဥပဒေအတိုင်းလွှတ်တော် ခေါ်ယူရေးဖွဲ့စည်းရေး အတွက် ဆောင်ရွက်နေတယ် ။ အခြေခံ ဥပဒေ ရဲ့ ပေးထား ချက်အရ အမျိုးသား လွှတ်တော် ဥပဒေ၊ ပြည်သူ့လွှတ်တော်ဥပဒေအရ ဆောင်ရွက်နေတာပဲ။ ကျန်တဲ့အပိုင်းတွေက နိုင်ငံရေးအကျပ်အတည်းဆိုတာ  ဘယ်လို Definition ဖွင့်လည်း ကျွန်တော်တို့မသိဘူး၊ ဘယ်သူတွေ ဖွင့်ဆိုပေးမှာလဲမသိဘူး” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ယာယီဌာနချုပ် (ရုံးခွဲ) တွင်  ဇန်နဝါရီ ၂၄ ရက် မွန်းလွဲပိုင်းကပြုလုပ်သည့် NLD ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာဇော်မြင့်မောင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။  

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲရလဒ်များကို အတည်ပြုထားပြီး လွှတ်တော်ကိုယ်စားလှယ်စီစစ်ရေးကော်မတီလည်း ဖွဲ့စည်းထားပြီးတာကြောင့် လွှတ်တော်ခေါ်ယူကျင်းပရေးကို ဥပဒေအတိုင်း လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် လာမည့် အစိုးရအဖွဲ့အသစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဆက်လက်မြင်တွေ့ရဖွယ် ရှိကြောင်းလည်း ၎င်းကပြောသည်။ 

 

ဒေါက်တာဇော်မြင့်မောင်က “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးက မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုမှာ ဒါက ပြသနာဖြစ်နေသလား။ အခြေခံဥပဒေက ပေးထားချက်ကနေပြီး ဒါက ဥပဒေနဲ့ပေါ်လာတာပဲ။ ဒါ ကျွန်တော်တို့က လွန်ကျူးပြီး ဖွဲ့တာမှမဟုတ်ဘဲ။ အခြေခံဥပဒေကို ဖောက်ဖျက်ပြီး ဖွဲ့တာမှမဟုတ်ပဲ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အစိုးရအဖွဲ့မှာ သမ္မတလုပ်မရတာကလွဲလို့ ကျန်တာအကုန်လုပ်လို့ရတာပဲလေ” ဟု ဆိုသည်။ 

 

အစိုးရ ဖွဲ့စည်းရေးလုပ်ငန်းများ လုပ်ဆောင်ရမည့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၁ ရက်စတင်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...