မွန်ပြည်နယ်က ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ် လေးဦးကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က ကန့်ကွက်လွှာတင်ထားကြောင်း မွန်ပြည်နယ် USDP ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းက အတည်ပြုပြောကြားသည်။
၎င်းက “ကျွန်တော်တို့ ပြည်သူ့လွှတ်တော် နှစ်ယောက်၊ ပြည်နယ်တစ်ယောက်၊ အမျိုးသားတစ်ယောက် အားလုံး လေးယောက်ကို ကန့်ကွက်ထားတာပါ။ ကျွန်တော်တို့မှာ ကန့်ကွက်ရတဲ့အကြောင်းရင်းနဲ့ သက်သေတွေရှိပါတယ်။ တစ်ခြားမှတ်ချက်တော့ ပြုစရာမရှိပါဘူး” ဟု ဆိုသည်။
ကန့်ကွက်လွှာအတင်ခံရသူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကဖြစ်ကြပြီး ဘီးလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုကိုဦး၊ ပေါင်မြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၁) ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၊ မော်လမြိုင်မြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်နွယ်စိုးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဦးတို့ ဖြစ်သည်။
NLD ပါတီ ဗဟိုအလုပ်မှုဆောင်တစ်ဦးဖြစ်ပြီး ကန့်ကွက်လွှာအမှုများနှင့်ပတ်သက်သည့် ဥပဒေအကြံပေးဖြစ်သူ ဦးအောင်ကြည်ညွန့်က “ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး ခုခံချေပသွားမှာပါ။ ကျွန်တော်တို့က တိုင်ထားတာလည်းရှိတယ်။ အတိုင်ခံရတာကတော့ အများကြီးပေါ့” ဟု ဆိုသည်။
ပြည်ခိုင်ဖြိုးပါတီ (မွန်ပြည်နယ်) အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားထားမှု ၁၈ မှုရှိပြီး အထက်ပါ ကန့်ကွက်လွှာအမှုများလည်း ပါဝင်သည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက နေရာ ၉၂၀ တွင် အနိုင်ရရှိထားပြီး ကန့်ကွက်လွှာတင်သွင်းခံထားရသူ ၂၂၅ ဦးရှိကာအမှုပေါင်း ၂၆၅ မှုဖြစ်ကြောင်းနှင့် ယင်းသို့ ၂၂၅ ဦးတွင် ၂၆၅ မှုဖြစ်ရခြင်းသည် ကိုယ်စားလှယ်တစ်ဦးတည်းကို ကန့်ကွက်လွှာနှစ်ကြိမ်တင်ခံရသည့်အမှုပေါင်း ၄၀ မှုရှိ၍ဖြစ်ကြောင်း သိရသည်။
Published
Monday, January 25, 2021
ပြည်ခိုင်ဖြိုးက မွန်ပြည်နယ်တွင် ကိုယ်စားလှယ်ကန့်ကွက်လွှာ လေးစောင်တင်ထား