ရွေးကောက်ခံကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပေးရန် မွန်ညီညွတ်ရေးပါတီမှ ရွေးကောက်ပွဲသုံးဆက်အနိုင်ရထားသည့် ဒေါက်တာအောင်နိုင်ဦး ကန့်ကွက်စာတင်ခံရကြောင်း သိရသည်။
ဒေါက်တာအောင်နိုင်ဦးကို ရွေးကောက်ခံကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပေးရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးမင်းကျော်လွင်က ကန့်ကွက်ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်စာတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တစ်ဖက်ပါတီ ယှဉ်ပြိုင်ဘက်ပုဂ္ဂိုလ်ကတော့ ရွေးကောက်ပွဲရလဒ်ပေါ်မှာ ပြန်ပြီးတော့ ကန့်ကွက်လွှာတင်ထားတဲ့သဘောပေါ့။ ဒီအတွက်ကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ တင်ပြထားပြီးပြီး။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုက်သင်တဲ့ ကူညီပံ့ပိုးမှုတွေတော့ လုပ်သွားမယ်။ နောက်တစ်ခုက ရာမညရှေ့နေကွန်ရက်အဖွဲ့က ကူညီသွားမယ်လို့ပြောတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။
ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပေးရန် ကန့်ကွက်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီးတော့ ကန့်ကွက်လွှာအပေါ် အကောင်းဆုံး ပြန်လည်ချေပသွားမည်ဖြစ်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆက်လက်ပြောကြားခဲ့သည်။
“တည့့််ပြောရရင် ရွေးကောက်ပွဲ သုံးကြိမ်လုံးဆောင်ရွက်ခဲ့တာ အမှားအယွင်းမရှိအောင် အမြဲတမ်း သတိနဲ့ ဖြတ်သန်းကျော်လွှားခဲ့တယ်။ အမှားယွင်းတစ်စုံတစ်ရာမရှိဘူးလို့ ယုံကြည်တယ်။ အဲ့တာကြောင့်မလို့ ဒီကန့်ကွက်လွှာအပေါ်မှာ အကောင်းဆုံး ခုခံချေပသွားပါမယ်” ဟု ၎င်းကပြောသည်။
အဆိုပါ ကန့်ကွက်လွှာနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှငက ဖေဖော်ဝါရီ ၃ ရက်တွင် ကြားနာမှုကို ပြုလုပ်သွားမည် ဖြစ်သည်ဟု ဆိုသည်။
ဒေါက်တာအောင်နိုင်ဦးသည် ပြီးခဲ့သည့် ရွေးကောက်ပွဲမှာ မွန်ညီညွတ်ရေးပါတီမှ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ တင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရထားသူဖြစ်ပြီး ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင်လည်း ဒုတိယဥက္ကဌအဖြစ် တာဝန်ပေးအပ်ခံထားရသူဖြစ်သည်။
ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၁ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးမင်းကျော်လွင်က ခိုင်လုံမဲ ၁၄၀၀၀ ခန့်ရရှိခဲ့ပြီး မွန်ညီညွတ်ရေးပါတီမှ ဒေါက်တာအောင်နိုင်ဦးက ခိုင်လုံမဲ ၁၅၀၀၀ ကျော်ရရှိသဖြင့် မဲထောင်ဂဏန်းအသာဖြင့် ဒေါက်တာအောင်နိုင်ဦးက ပြိုင်ဘက်ကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဒေါက်တာအောင်နိုင်ဦးကို ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်ရခြင်းနှင့်ပတ်သက်၍ ဦးမင်းကျော်လွင်နှင့် မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ထံ ဆက်သွယ်ခဲ့သော်လည်း မည်သူမျှ လက်ခံဖြေကြားခြင်းမရှိပေ။