ရခိုင်တွင် ရွေးကောက်ပွဲပြန်လည်ကျင်းပခြင်းမရှိဘဲ အာမခံကြေးများ ပြန်လည်ထုတ်ပေးသည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးလေ့လာသူများဝေဖန်

ရခိုင်တွင် ရွေးကောက်ပွဲပြန်လည်ကျင်းပခြင်းမရှိဘဲ အာမခံကြေးများ ပြန်လည်ထုတ်ပေးသည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးလေ့လာသူများဝေဖန်
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်တွင် ရွေးကောက်ပွဲမကျင်းပဖြစ်သည့် ဒေသမျာတွင် ရွေးကောက်ပွဲအား ပြန်လည်ကျင်းပခြင်းမရှိပဲ ရွေးကောက်ပွဲအတွက် ပေးသွင်းထားရသည့် အာမခံကြေးများ ပြန်လည်ထုတ်ပေးနေသည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးသုံးသပ်လေ့လာသူများက ဝေဖန်ပြောဆိုလိုက်သည်။

 

“ရွေးကောက်ပွဲမကျင်းပလို့ ပေးတာပေါ့။ ရွေးကောက်ပွဲမကျင်းပလို့လည်း လွှတ်တော်ခေါ်နေပြီပေါ့။ အခုဟာက သူတို့ကလုပ်ရင်လည်း ကြားဖြတ်ပဲ လုပ်ပေးမယ်ထင်တယ်။ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးမှာကျင်းပရင် ဒီမှာလည်း ကျင်းပရမယ်။ ဒီနေရာကို ထားခဲ့တာဟာ ဒီမိုကရေစီလည်းမကျဘူး။ ခွဲခြားဆက်ဆံခံနေရတာပဲ” ဘူးသီးတောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၂၀ ရွေးကောက်ပွဲတွင် ဘူးသီးတောင်မြို့နယ်ပြည်သူ့လွှတ်တော်နေရာ၌ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဟု ဦးအောင်သောင်းရွှေက ပြောသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အနေဖြင့် ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ၂ဝ၂ဝ ပါတီစုံ ရွေးကောက်ပွဲတွင် ပေးသွင်းထားရသည့် အာမခံကြေးကို ဇန်နဝါရီလ ဒုတိယအပတ်မှစ၍ ပြန်ထုတ်ပေးနေပြီဖြစ်သဖြင့် ရခိုင်တွင် ရွေးကောက်ပွဲပြန်ကျင်းပနိုင်ခြေမရှိတော့ကြောင်း သုံးသပ်မှုများရှိနေခြင်းဖြစ်သည်။

 

လက်ရှိ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ပေါက်တောမြို့နယ်မှ ပြည်နယ်လွှတ်တော်နေရာအတွက် ရခိုင်အမျိုးသားပါတီ (ANP)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်ထွီးကလည်း အဆိုပါငွေများကို UEC က ထုတ်ပေးနေသည်မှာ ဟုတ်မှန်သည်ဟုဆိုသည်။

 

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲမလုပ်ပေးတော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အနေဖြင့် ထုတ်ပြန်ကြေညာခြင်းမရှိဘဲ ယခုကဲ့သို့ အာမခံကြေးငွေများ ပြန်ထုတ်ပေးသည်မှာ ပွင့်လင်းမြင်သာမှုမရှိကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ထောက်ပြပြောဆိုသည်။

 

“ဖေဖော်ဝါရီ ၁ ရက်မှာ ပြည်သူ့လွှတ်တော်စတော့မယ်။ ဆယ်ရက်လောက်ပဲကျန်တော့တယ်လေ။ ရွေးကောက်ပွဲမလုပ်တာကတော့ သေချာသွားပါပြီ။ အဲဒီတော့ လွှတ်တော်စပြီဆိုတာနဲ့ တစ်နှစ်အတွင်းမှာ ရွေးကောက်ပွဲ မကျင်းပတော့ဘူး။ လုပ်ချင်ရင် ၂ဝ၂၁ ဖေဖော်ဝါရီလ နောက်ပိုင်းမှာပဲ လုပ်လို့ရတော့မယ်။ မလုပ်တော့ဘူးလို့ ကြေညာတာမဟုတ်ဘဲ အခုဒီလိုလုပ်တာက UEC ရဲ့ပွင့်လင်းမြင်သာမှုမရှိလို့ပါ။ မလုပ်နိုင်ရင် ဘယ်သူကပဲ တိုက် တွန်းသည်ဖြစ်စေမလုပ်နိုင်ကြောင်း ကြေညာလိုက်ရင်ရှင်းတာပေါ့ဗျာ” ဟု ပြောသည်။

 

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒေါ်တင်လှိုင်ကမူ ရွေးကောက်ပွဲမကျင်းပတော့ဟု ထုတ်ပြန်ကြေညာခြင်း မပြုလုပ်သော်လည်း လွှတ်တော်များပြန်ခေါ်နေသည်မှာ အားလုံးသိပြီဖြစ်ပြီး ရွေးကောက်ပွဲပြန်ကျင်းပ၊ မကျင်းပဆိုသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်သာ သက်ဆိုင်ကြောင်း ပြောသည်။

 

“အခုက အားလုံးသိတဲ့အတိုင်းပဲ လွှတ်တော်တွေကလည်း ခေါ်နေပြီ။ အမျိုးစုံတော့ ဒီကြားထဲမှာ ဖြစ်သွားတာပေါ့လေ။ ဘယ်လိုပြောမလဲ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဒုတိယအကြိမ်လွှတ်တော် ပြန်ခေါ်ပေးဖို့တောင်း။ အဲဒီကလည်း ကျင်းပဖို့အခြေအနေမရှိ။ ဒီလိုတွေရှိတယ်ပေါ့။ ဆုံးဖြတ်ဖို့ကျတော့ ပြည်နယ်ကော်မရှင်နဲ့မဆိုင်ဘူး။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့သာဆိုင်တယ်” ဟုပြောသည်။

 

၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပခဲ့သည့် ပါတီစုံရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ တိုက်ပွဲများဖြစ်နေသည့်အတွက် လုံခြုံရေးအရ မြို့နယ်ကိုးခုနှင့် ကျေးရွာအများအပြားတွင် ရွေးကောက်ပွဲကျင်းပခွင့်မရခဲ့သလို ဒေသခံပြည်သူ ၁၂ သိန်းကျော်မှာလည်း မဲပေးခွင့်ဆုံးရှုံးခဲ့သည်ဟု သိရသည်။

 

ယင်းသို့ ရခိုင်မှ မြို့နယ်အများစုတွင် ရွေးကောက်ပွဲမကျင်းပခဲ့သည့်အတွက် ပြီးခဲ့သည့်ရွေးကောက်ပွဲသည် တရားမျှတသည့်ရွေးကောက်ပွဲမဖြစ်ဟု ယူဆနေကြသည့်အတွက် ပြန်လည်ကျင်းပပေးရန် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် တပ်မတော်တို့အပါအဝင် ဒေသခံပြည်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုခဲ့ကြသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်စုံတရာတုံ့ပြန်မှု မရှိခဲ့ပေ။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...