ချင်းပြည်နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်းမှတဆင့် ဒေသခံပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးလာစေရေးအတွက် Community Base Tourism (CBT) ဟုခေါ်သော လူထုအခြေပြုခရီးသွားလုပ်ငန်းကို လာမည့်အစိုးရသစ်တွင် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်က ပြောသည်။
“ကျွန်တော်တို့ သဘာဝတောတောင်ရေမြေတွေ ဒီတိုင်းရှိနေသေးတယ်။ ကျွန်တော်တို့ချင်းက မဖွံ့ဖြိုးဘူးဆိုပေမဲ့ ဒီဒေသမှာရှိတဲ့ ဒေသခံလူငယ်တွေအားလုံး အကုန်လုံးက ဝိုင်းလုပ်မယ်ဆိုရင်လည်း (CBT) ဆိုတဲ့ဟာဖြစ်ထွန်းမယ်။ အဲဒါဆိုရင်တော့ ခရီးသွားတွေ နိုင်ငံခြားခရီးသွား ပြည်တွင်း/ပြည်ပခရီးသွားတွေလည်း ကျွန်တော်တို့ဆီလာမယ်။ ကျွန်တော်တို့က ရေမြေတောတောင်သဘာဝက ဒီတိုင်းကျန်နေသေးတယ်ဆိုတော့၊ တချို့နေရာတွေမှာ ယဉ်ကျေးမှုကိုပြမယ် တချို့နေရာမှာ သမိုင်းကြောင်းကိုပြမှာပေါ့။ တချို့နေရာကျတော့ စိုက်ပျိုးတောင်ယာတွေပြမှာပေါ့။ အဲလိုလုပ်ရင် ကျွန်တော်တို့ ခရီးသွားလုပ်ငန်းကနေပြီးတော့ ဒေသခံတွေဝင်ငွေရမယ်။ ကျွန်တော်တို့ကိုလည်း ပိုသိကြမယ။ အဲဒီကနေ တခြားသောဆက်စပ်လုပ်ငန်းတွေ အများကြီးဖွံ့ဖြိုးမယ်လို့ယုံကြည်တယ်။ ဒါကြောင့် ဒီခရီးသွားလုပ်ငန်းက အရေးကြီးတယ်” ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။
ချင်းပြည်နယ်၏ ရေမြေတောတောင်သဘာဝအနေအထားသည် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များအနေဖြင့် စိတ်ဝင်စားမှုရှိကြသော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများကြောင့် ယခင်က လာရောက်လည်ပတ်ရန် အခက်အခဲရှိခဲ့သော်လည်း ယခုအခါ ဆက်သွယ်ရေးလမ်းကြောင်းများ ကောင်းမွန်လာသည့်အပြင် လေကြောင်းလိုင်းပါရှိလာပြီဖြစ်သည့်အတွက် ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ ပိုမိုရောက်ရှိလာမည်ဟု ယုံကြည်ကြောင်း ဝန်ကြီးဦးစိုးထက်က ပြောသည်။
၀န်ကြီးချူပ်ဆလိုင်းလျန်လွယ်ဦးဆောင်သော ချင်းပြည်နယ်အစိုးရအဖွဲ့၏ ငါးနှစ်တာသက်တမ်းတွင် ချင်းပြည်နယ်မှာ လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) ကို ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ဆော်လောင်းကျေးရွာနှင့် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ် တာရွှန်းကျေးရွာ နှစ်နေရာတွင် အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ကြသည်။
လာမည့်ချင်းပြည်နယ်အစိုးရသစ်လက်ထက်တွင် လူထုအခြေပြုခရီးသွားလုပ်ငန်းများ ဦးစားပေးအကောင်အထည်ဖော်နိုင်ရန်အတွက် ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒု-ဥက္ကဌလည်းဖြစ်သည့် စည်ပင်ဝန်ကြီးဦးစိုးထက်သည် ဇန်နဝါရီလအတွင်း ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်နှင့် ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်အတွင်းရှိ ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ေဆာင်ရန် ဆွဲဆောင်မှုရှိသော ထုတ်လိုင်ကျေးရွာ၊ ပိန်းပိကျေးရွာ၊ ခိုင်ကမ်းဆင်စခန်း၊ ကနေဒီတောင်နှင့် သမိုင်းဝင် ဗြိတိသျှစစ်စခန်းဟောင်း Fort White စသည့်နေရာများသို့ သွားရောက်ခဲ့သည်။
ခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုြဖစ်သည့် Ethno Trail Culture & Tourism Co.Ltd မှ မန်နေဂျာ ကိုဝင်းယုထွန်း (ခ) Joe ကလည်း ချင်းပြည်နယ်သည် သဘာဝသယံဇာတရှားပါးသော ဒေသဖြစ်သည့်အတွက် ဒေသခံပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးလာစေရေးအတွက် လူထုအခြေပြုခရီးသွားလုပ်ငန်းကို အစိုးရအနေဖြင့် ဦးစားပေး အကောင်အထညဖော်ဆောင်သင့်သည်ဟုဆိုသည်။
“ကျွနတော်တို့ ချင်းပြည်နယ်မှာဆိုလို့ရှိရင် သဘာဝသယံဇာတ မရှိသလောက်ရှားတယ်။ ကျွန်တော်တို့မှာရှိတဲ့ဟာက သဘာဝအတိုင်းကျန်ခဲ့တဲ့တောတောင်ရေမြေတွေရှိမယ်။ နောက်ပြီးတော့ သမိုင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေရှိမယ်။ ဥပမာ - ဒုတိယကမ္ဘာစစ်တုန်းက အင်္ဂလိပ်တွေတိုက်ခဲ့တဲ့ တိုက်ပွဲတွေအကြောင်းတွေ၊ သူတို့ဆောက်ခဲ့တဲ့ ခံတပ်တွေ၊ ကတုတ်တွေ တိုက်ပွဲထဲမှာဆိုရင် Vitoria cross တွေရတဲ့ထိ အရမ်းကိုနာမည်ကြီးတဲ့ ကမ္ဘာကသိသွားတဲ့ထိကို နာမည်ကြီးတဲ့ သမိုင်းဝင်နေရာတွေရှိတယ်။ ဒီဟာတွေကို ကျွန်တော်တို့က ခရီးသွားလုပ်ငန်းကနေတဆင့် ပြန်ပြီးတော့မှ ဖော်ဆောင်ပြီး လုပ်ဆောင်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဒေသခံအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းရမယ်။ နောက်ပြီးတော့ အဲဒီကနေ ဝင်ငွေပိုရှာလို့ရတယ်။ ဒါကြောင့်မို့ ချင်းပြည်နယ်မှာ ခရီးသွားလုပ်ငန်းက တော်တော်အရေးကြီးပါတယ်" ဟု ကိုဝင်းယုထွန်း (ခ) Joe က ပြောသည်။
ချင်းပြည်နယ်သည် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်သော ရေမြေတောတောင်သဘာဝ အမွေအနှစ်များပြည့်နှက်နေသည့်ေဒသဖြစ်ပြီး ချင်းပြည်နယ်တောင်ပိုင်းတွင် ခိုနူမ်းသုန် (ခေါ်) ခေါ်နူးစုမ် အာစီယံအမွေအနှစ်ဥယျာဉ်၊ ကီမိုတောင်၊ ဘုံတလာရေတံခွန်နှင့် ချင်းပြည်နယ်မြောက်ပိုင်းဘက်တွင် ကနေဒီတောင်၊ ဇိန်မှုတောင်၊ သမိုင်းဝင်ရှာလ်လုမ်းခံတပ်၊ အသည်နှလုံးပုံရိရေကန်၊ ချင်းရိုးရာစော်ဘွားအိမ်စသည့် တန်းဖိုးမဖြတ်နိုင်သော သမိုင်းအမွေအနှစ်များ ပြည့်နှက်လျက်ရှိသည်။
ကိုဗစ်ကာလကြောင့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းရပ်တန့်လုနီးပါးဖြစ်သော်လည်း ယင်းအတွက် ယခုကတည်းက ပြင်ဆင်ခြင်းအားဖြင့် ကိုဗစ်အလွန်ကာလမှာ ချင်းပြည်နယ်တွင် ခရီးသွားလုပ်ငန်းများ ဦးမော့လာနိုင်မည်ဟု စည်ပင်ဝန်ကြီးဦးစိုးထက်ကဆိုသည်။