“ကိုဗစ် အရေးဆောင်ရွက်တဲ့နေရာမှာ အစိုးရက အားထည့်သင့်သလောက်မထည့်ဘူး’’

“ကိုဗစ် အရေးဆောင်ရွက်တဲ့နေရာမှာ အစိုးရက အားထည့်သင့်သလောက်မထည့်ဘူး’’

Benezer - မြန်မာနိုင်ငံမှာ ကမ႓ာ့ကပ်ရောဂါ ကိုဗစ်-၁၉ စတင်ဖြစ်ပွားလာတဲ့အချိန်ကစပြီး ချင်းပြည်နယ်မှာ တီးတိန်မြို့နယ်ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအများဆုံးရှိတဲ့ဒေသဖြစ်ပါတယ်။ ယခုလက်ရှိမှာလည်း တီးတိန်မြို့ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၅၄ ဦး ဆေးဝါးကုသမှုယူနေကြဆဲဖြစ်သလို တီးတိန်မြို့နယ်ထဲက အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ တွီးထန်ကျေးရွာ ဟာလည်း ကိုဗစ်-၁၉ ရောဂါဒေသတွင်းကူးစက်မှုမြင့်တက်နေတာကြောင့် Lockdown ချထားရတဲ့အနေအထားမှာရှိနေ ပါတယ်။ ဒီလိုအခြေအနေမျိူးမှာ ကူညီထောက်ပံ့မှုတွေလုပ်ဆောင်တဲ့နေရာမှာ ဘယ်လိုအခက်အခဲကြုံရလဲ၊ ချင်းပြည်န ယ်အစိုးရအဖွဲ့ရဲ့ ကိုင်တွယ်ဖြေရှင်းမှုကဘယ်လိုရှိလဲ။ စတဲ့အကြောင်းအရာပတ်သက်ပြီး ကိုဗစ်-၁၉ ထောက်ပ့ံရေးလုပ်ငန်း တွေထည်ထည်ဝင်ဝင်ဆောင်ရွက်နေတဲ့ Zomi Covid-19 Respond Committee ရဲ့ ဥက္ကဌ Ko Lian Tuang ကို တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။      ။ အခုအစ်ကိုတို့ COVID-19 ထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတဲ့အပိုင်းကို အရင်ရှင်းပြပေးပါဦး။

ဖြေ။       ။ ၂ ပိုင်းခွဲချင်ပါတယ်။ တစ်ပိုင်းတော့ ကိုဗစ် စဖြစ်ဖြစ်ချင်းတော့ ကျွန်တော်တို့ကလေးမြို့က ချင်းပြည်နယ်အတွက် တထောက်နားတဲ့နေရာဖြစ်တဲ့အခါကြတော့ ချင်းပြည်နယ်ရဲ့လိုရာ၊ လိုအပ်သလိုအသုံးခံဖို့ကလေးမြို့မှာရှိတဲ့ လူမှုအဖွဲ့ အစည်းတွေကို စုပြီးကျွန်တော်တို့စုစည်းထားတယ်၊ လုပ်လည်းလုပ်တယ်၊ ကလေးမြို့မှာဖြစ်နေတဲ့အဖြစ်အပျက်ကို လည်းကျွန်တော်တို့ ကလေးမြို့မှာရှိတဲ့ လူမှုရေးအသင်းတွေပြီးတော့ ကျန်းမာရေး၊ DC၊ထွေအုပ်တွေအားလုံးပေါင်းပြီးတော့ ဒီမှာလည်း လုပ်တယ်။ တဖက်မှာလည်း ချင်းပြည်နယ်ရဲ့လိုအပ်ချက်တွေကိုလည်း တဖက်တလမ်းကနေ တတ်နိုင် သလောက်လုပ်တယ်။ အထူးသဖြင့် ကျွန်တော်တို့က ဒီမှာရှိတဲ့အခါကြတော့ ချင်းပြည်နယ်က စိတ်ထဲမှာအဓိကရှိပြီးတော့ ကြိုးစားကြတာပေါ့နော်။ အဲ့တာကျွန်တော်တို့ စဖြစ်ဖြစ်ခြင်းကအဲ့လိုဖြစ်တယ်။ အခုနောက်ပိုင်းကျတော့ ကိုဗစ်ကလည်း အမြဲတမ်းအရှိန်ရလာတဲ့အခါကြတော့ ကလေးမြို့တခွင်လုပ်မယ်၊ တီးတိန်၊ ကျီးခါး၊ တွန်ဇံ၊ အထူးသဖြင့် ချင်းပြည်နယ် မြောက်ပိုင်းကနေဝင်လာတဲ့ အိန္ဒိယဖက်ကလာတဲ့တံခါးပေါက်ကြီးကိုလုံခြုံဖို့အတွက်ကိုအထူးသဖြင့်ကြိုး စားပြီးတော့ လုပ်နေတယ်။

မေး။      ။ အစ်ကိုတို့အနေနဲ့ ကိုဗစ်ဖြစ်တဲ့နေရာတွေကိုလည်း သွားပြီးတော့ ကူညီပေးတာတွေလည်း လုပ်နေတယ်ဆို တော့၊ အစိုးရရဲ့ကူညီထောက်ပံ့ပေးမှုအပေါ်မှာ အစ်ကိုတို့အနေနဲ့ကျေ နပ်အားရမှုရှိရဲ့လား၊ သူတို့ရဲ့လုပ်ဆောင်ပေးမှုတွေ ကို ဘယ်လိုမြင်လဲ။

ဖြေ။       ။ ကျွန်တော်တည့်တည့်ပဲပြောမယ်ဆိုရင် အစိုးရရဲ့လုပ်ဆောင်မှုက ဖြစ်သင့်သလောက်က လုံးဝမဖြစ်ခဲ့ဘူး။ အစိုးရမှာလည်းလုပ်စရာအများကြီးကိစ္စရှိနေပေမယ့်လို့ တကယ့်ကပ်ဘေး၊ အားလုံးနဲ့ဆိုင်တဲ့တကမ္ဘာလုံးနဲ့ဆိုင်တဲ့ ကိစ္စကပ်ဘေးကို သူတိို့က အားထည့်သင့်သလောက်မထည့်ဘူးလို့ကျွန်တော်မြင်ပါတယ်။ ဥပမာ-တစ်ခုပြောမယ်ဆိုရင် မနေ့တနေ့ကသိပ်မကြာသေးခင်ကကိစ္စ တွီးထန်ကိစ္စဆိုရင် Lock Down  ၂ ပတ် ၊၂ ပတ်လုံးလုံးတရားဝင်ပိတ်ထားတယ်။ ဒါပေမယ့် အစိုးရဖက်က ထောက်ပ့ံထားတာမရှိဘူး၊ ဆန်အိတ် (၁၀၀) ၊ အိမ်ခြေ ၅၀၀ ကျော် ၆၀၀ လောက်ရှိတဲ့ရွာကို ၂ ပတ်စာအတွက် ဆန်အိတ် (၁၀၀)ပေးတယ်။ တကယ်တမ်းတွက်ကြည့်မယ်ဆိုရင် လုံးဝမဖြစ်သင့်တဲ့ကိစ္စ၊ သူ့ရဲ့အခက်အ ခဲနဲ့ဆိုရင် ဒီအတိုင်းထားလိုက်တယ်ဆိုရင် ငတ်သေရုံပဲရှိမယ် အဲ့လိုမျိုးဟာလေးတွေ။

အစိုးရဖက်က နယ်မြေခံဝန်ကြီးတွေကလည်း တခေါက်လောက်ကြည့်တယ်၊ ပိိုက်ဆံ ၁၀ သိန်းပေးတယ်ပိုက်ဆံပေး တာတော့ကောင်းပါတယ်၊ ပိုက်ဆံပေးတာထက် သူတို့ရဲ့လုပ်ပိုင်ခွင့်နဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို အစိုးရရဲ့ ဘတ်ဂျက်ထဲကနေ များများပေးပါ၊ သူတို့ကိုပိုက်ဆံပေးတာလည်း အလှူထည့်တာကောင်းပါတယ်၊ ဒါပေမယ့် အလှူထည့်တာထက် ဆေးဝါးနဲ့ စားနပ်ရိက္ခာ၊ ပြီးတော့ အစိုးရမှာလည်း အရေးပေါ်ရန်ပုံငွေဆိုတာရှိတာပဲ အဲ့တာကိုသုံးလိုက်ပြီးတော့ ပြည်သူတွေရဲ့စားဝတ်နေရေးကို ဖြေရှင်းပေးရင် အရမ်းကောင်းမှာပဲလို့ကျွန်တော်မြင်တယ်။ ပြီးကျတော့ လုပ်ရကိုင်ရတဲ့ အနေအထားမှာခက်ခဲတာ ဘာရှိသေးလည်းဆိုရင် အမိန့်ပေးတဲ့ အုပ်ချုပ်ရေးကဏ္ဍမှာ ရွာရဲ့အခြေအနေအလိုက် လိုအပ်ချက်တင်ပြတဲ့နေရာမှာ မြို့နယ်မှာလည်း ဆုံးဖြတ်လို့မရဘူး ၊ပြည်နယ်မှာလည်း ဆုံးဖြတ်လို့မရဘူး၊ နေပြည်တော်မှ ဗဟိုမှ ဆိုတဲ့အနေအထားကြတော့ လုံးဝဒေသနဲ့လုံးဝမအပ်စပ်ဘူးပေါ့။

ဥပမာ ထပ်ပြောမယ်ဆိုရင် Case -1 စဖြစ်တဲ့ ကပ်တဲလ်ရွာ Lockdown ချထားတဲ့ကိစ္စမှာဆိုရင်လည်း ဟိုဖက်ကအခြေ အနေအရ ဖြေလျှော့လို့ရနေပြီ ဖြေလည်း ဖြေချင်နေပြီ  ကျန်းမာရေး ရှုထောင့်အရဖြေလို့ရပြီး ဒါပေမယ့် အဲ့တာကြီးက မြို့နယ်တက်တယ်၊ ခရိုင်တက်တယ် ပြည်နယ်တက်တယ်၊ ပြည်နယ်ကနေလည်းဖြေလို့မရသေးဘူး နေပြည်တော် ဆိုတော့ ၁ ပတ်လောက်ကြာသွားတာပေါ့နော်၊ စာရွက်စာတမ်းက ၁ ပတ်လောက်ကြာပေမယ်လို့ အောက်ခြေမှာကျတော့ ဗိုက်ဟောင်းလောင်းလောင်းကြီးနဲ့ ဖြတ်သန်းရတဲ့ ၁ ပတ်ပေါ့နော်၊ အဲ့လိုမျိုးမရှိအောင်တော့ တချို့ဆုံးဖြတ်ရတဲ့ အပိုင်းကို အောက်ခြေရဲ့အခြေအနေအရ ဆုံးဖြတ်လို့ရအောင် လျှော့ပေးနိုင်တယ်ဆိုရင်အရမ်းကောင်းမယ်။

မေး။      ။ အခုလက်ရှိမှာဆိုရင် တီးတိန်မြို့ကလည်းကူးစက်နှုန်းများနေတယ်၊ အရပ်ဖက်အဖွဲ့အစည်း တွေဖြစ်ဖြစ်၊ လူငယ်တွေ၊ Volunteer တွေက Stay At Home လုပ်ပေးဖို့တောင်းဆိုထားတာရှိတယ် ၊ပြီးတော့မြို့နယ်တွေကလည်း စာတွေတင်ပြထားပေမယ့် အခုအချိန်ထိ မလုပ်သေးတဲ့ကိစ္စအပေါ်မှာ အစ်ကို့အနေနဲ့ ဘယ်လိုမြင်လဲ၊ ဒီလိုကြန့်ကြာ နေခြင်းအားဖြင့် ဘာတွေဆိုးဝါးသွားနိုင်လဲ၊ဘာတွေသွား ထိခိုက်သွားနိုင်လဲ။

ဖြေ။       ။ အောက်ခြေကအထူးသဖြင့် မြို့နယ်ဖြစ်ဖြစ် ၊ကျေးရွာဖြစ်ဖြစ် သူတို့ရဲ့သဘောထား တင်ပြထားတဲ့ ဟာကို ကြန့်ကြာနေတယ်ဆိုရင် ကူးစက်မှုကတောက်လျှောက် ဒွန်တွဲနေတဲ့အချိန်ဆိုတော့ ဒီဖက်ကနောက်ကျ တယ်ဆိုရင်ဗိုင်းရပ်စ်ပြန့် နှုန်းကတောက်လျှောက်တက်လာတာ။ ကျွန်တော်တို့ကြားထားတာက ပြီးခဲ့တဲ့ ၃၊၄ ရက် တုန်းက Stay at Home လုပ်ဖို့ တင်ထားတယ်လို့ကြားတယ်။ ဒါပေမယ့် မကျဘူး၊ သိတဲ့အတိုင်းပဲ တောက်လျှောက်တက်သွားတာ ပေါ့နော်။ အဲ့တာကတော့မြန်လေကောင်းလေလို့မြင်တယ်၊ ဒါပေမယ့်အဲ့လိုမျိုး မြန်လေကောင်းမဖြစ်နိုင်လို့ သူ့အခြေအနေ၊ အကြောင်းတရားတခုခုကြောင့် အုပ်ချုပ်ရေးပိုင်းက မဖြစ်သေးဘူးဆိုရင်လည်း Stay at Home မလုပ်ပဲနဲ့ ရောဂါထိန်းချုပ်တဲ့အပိုင်းတို့၊ ဒီကားဂိတ်တို့၊ ပြီးတော့ မြို့ထဲမှာ ဒီ ကိုဗစ်နဲ့ပတ်သက်တဲ့ အပိုင်းတို့ ပညာပေးအပိုင်းတို့ လုပ်လို့ရတဲ့ အရာအများကြီးရှိတယ်၊ အဲ့အပိုင်းမှာအားထည့်ပြီး တော့လုပ်စေချင်တယ်။

မေး။      ။ နောက်တခုက တီးတိန်မှာ ကိုဗစ်လူနာလည်းများလာတယ် ၊သေဆုံးတဲ့သူတွေလည်းရှိတယ် ဆေးရုံဖက်မှာ လည်း ပစ္စည်းမလုံလောက်တာတွေလည်းရှိတယ်လို့သိရတယ်။ ဒီအပိုင်းမှာရော ဘယ်လိုအခြေအနေရှိပြီလဲ။

ဖြေ။       ။ အခုတလောကျွန်တော်တို့ကြုံနေရတဲ့အတွေ့အကြုံအရဆိုရင်တော့ အခုကျန်းမာရေးရှုထောင့်အရ ဥပမာ တစ်ခုပြောရမယ်ဆိုရင်တော့ တွီးထန်ရွာဆိုရင်လွန်ခဲ့တဲ့တပတ်လောက်က Positive အယောက် ၂၀ လောက်ကို ထိန်းသိမ်းထားတာ၊ သူကတိုက်နယ်ဆေးရုံပဲရှိတယ်၊ တိုက်နယ် ဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းထက်တောင် ပိုများတဲ့ Positive လူနာတွေကိုထိန်းသိမ်းထားတဲ့ အနေအထားဆိုတော့ ဒီကိစ္စကိုဖြစ်သင့်သလား၊ မဖြစ်သင့်ဘူးလား အစိုးရ ကပြန်ပြီးတော့ မြန်မြန်သုံးသပ်သင့်တယ်၊ လိုအပ်တဲ့ကျန်းမာရေးပစ္စည်းတွေ၊ ဆရာဝန်တွေ တစ်ပြည်နယ်လုံးမှာ တစ်နိုင်ငံလုံးမှာ ဒီတစ်ခုကိုဦးစားပေးပါလို့ကျွန်တော်တို့မပြောလိုပါဘူး။ ဒါပေမယ့် ဝန်နဲ့အားနဲ့က လုံးဝမမျှတဲ့ အနေအထား ပေါ့နော်၊ တိုက်နယ်ဆေးရုံတစ်ရုံမှာ Positive ၂၀ ကျော်ကို ထိန်းသိမ်းတယ်ဆိုတာ တော်တော်လေး အခြေအနေမကောင်း ဘူးပေါ့။

ပြီးတော့ တီးတိန်ဆေးရုံမှာ Positive ကလည်း ၅၀ ပတ်ဝန်းကျင်ရှိနေပြီ ကုသထားတာ၊ သူတို့ရဲ့လိုအပ်ချက်က အများ ကြီးပဲ ၊မီးမလုံလောက်တာ၊ ပြီးတော့ သူတို့ကိုထားမယ့် သီးသန့်လူနာဆောင်ထားဖို့မရှိဘူး၊ အဲ့ဒီအတွက်ကို ဖန်တီးေ ပးနိုင်ရင်တော့ အရမ်းကောင်းတယ်။ အစိုးရကိုယ်နှိုက်က အဲ့ဒီအပိုင်းကို အသေးစိတ်လုပ်ပေးမှ ပိုအဆင်ပြေလိမ့်မယ်။ အရင်တုန်းကတော့ ပြည်သူတွေကနိုင်သရွေ့ပါဝင်ခဲ့ပြီးပံ့ပိုးခဲ့ကြတယ်၊ အခုကျတော့ ပြည်သူတွေလည်းပန်းနေပြီ၊ အလှူရှင်တွေလည်း ပန်းနေပြီ ၊ အဲ့ဒါလေးကိုအစိုးရကဒေသခံ ဆရာဝန်နဲ့ နီးနီးကပ်ကပ်ပိုပြီးတော့ချိတ်ဆက်ပြီး တော့ဖြည့်ပေးဖို့လိုတယ်လို့မြင်တယ်။

မေး။      ။ ကိုဗစ်ကိစ္စနဲ့ပက်သက်ပြီးတော့ တခြားဖြည့်စွက်ပြောချင်တာရှိလား။

ဖြေ။       ။ အစိုးရက ကိုဗစ်နဲ့ပတ်သက်တဲ့ဥပဒေတွေထုတ်တဲ့နေရာမှာ တိတိကျကျလုပ်ဖို့လိုပါတယ်၊ ဝင်ထွက်သွားလာတဲ့ အပိုင်းမှာ ပိတ်တယ်ဆိုရင်လည်းပိတ်ထားဖို့ ဖွင့်တယ်ဆိုရင်လည်း စနစ်တကျဖွင့်ထားဖို့ပေါ့နော်၊ အဲ့တာလေးတရား ဥပဒေ စိုးမိုးရေးဖက်ကို အားမထည့်ဘူးဆိုရင်ပိတ်ရင်လည်းမပိတ်တပိတ်၊ ဖွင့်ရင်လည်း မဖွင့်တဖွင့်ဖြစ်တဲ့အခါ ကြတော့ ပြည်သူ တွေက ပိတ်သလား၊ဖွင့်သလားဆိုတာ ဘာမှနားမလည်နိုင်တော့ဘူးဖြစ်သွားတယ်။ ပိတ်ရင်လည်းသေချာပိတ်ပေး ဖွင့်ရင်လည်း သေချာဖွင့်ပေး ဒါလေးတွေကိုလည်း အစိုးရတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက အတတ်နိုင်ဆုံးထိန်းပြီးတော့ လုပ်ပေးဖို့ဆန္ဒရှိပါတယ်။

Most read this week

July 3, 2024
ချင်းတော်လှန်ရေးကာလတွင် အဆင့်မြင့်ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများသည်...
July 3, 2024
မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၁၀) ပန်းသွယ်ကျေးရွာတွင် ဝမ်းရောဂါကူးစက်မှု ဆက်လက်ဖြစ်ပွားနေပြီး...
July 2, 2024
ချင်းပြည်နယ်၊ မတူပီမြို့တွင် ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာမှု အချိန်မရွေး...