ရွေးကောက်ပွဲအလွန် ရခိုင်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း မိုင်းနှင့် စစ်လက်နက်ကြွင်းကျန်ပစ္စည်းများကြောင့် ဒေသခံများ ထိခိုက်၊ သေဆုံးမှုများရှိနေ

ရွေးကောက်ပွဲအလွန် ရခိုင်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း မိုင်းနှင့် စစ်လက်နက်ကြွင်းကျန်ပစ္စည်းများကြောင့် ဒေသခံများ ထိခိုက်၊ သေဆုံးမှုများရှိနေ
by -
ထွန်းခိုင် (နိရဥ္စရာ)
ဓာတ်ပုံ - ခဘော်ကျေးရွာမှ  ဒေါ်လှသန်းနွယ်အား စစ်တွေဆေးရုံသို့ ယူဆောင်လာစဉ် မြင်တွေ့ရပုံ
ဓာတ်ပုံ - ခဘော်ကျေးရွာမှ ဒေါ်လှသန်းနွယ်အား စစ်တွေဆေးရုံသို့ ယူဆောင်လာစဉ် မြင်တွေ့ရပုံ

ရွေးကောက်ပွဲအလွန် ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း မိုင်းနှင့် စစ်လက်နက်ကြွင်းကျန်ပစ္စည်းတချို့ကြောင့် အရပ်ပြည်သူများမှာ ထိခိုက်သေဆုံးလျက်ရှိကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီ ၄ ရက်ကလည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် မြိုအမျိုးသမီးတစ်ဦးသည် ရွာအနီးအနားတောင်ပေါ်သို့ ထုတ်ခုတ်ရန်သွားစဉ် မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

ယင်းသို့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော မြိုအမျိုးသမီးသည် ကျောက်တော်မြို့နယ်၊ ခဘော်ကျေးရွာတွင်နေထိုင် သူဒေါ်စံဝင်းမေ အသက် (၄၃) နှစ်ဖြစ်ပြီး မိုင်းနင်းမိမှုဖြစ်ပွားပြီး နောက်တစ်နေ့တွင် ကျောက်တော်ဆေးရုံမှတဆင့် စစ်တွေဆေးရုံးသို့ ပြောင်းရွှေ့ကုသခဲ့ရသည်။

မိုင်းနင်းမိမှုဒဏ်ကြောင့် အဆိုပါအမျိုးသမီး၏ မျက်လုံးတစ်စုံအား ဆုံးရှုံးလိုက်ရသည့်အပြင် ညာဖက်ခြေထောက်ကိုလည်း ဒူးဆစ်အောက်ကနေ ဖြတ်ပစ်လိုက်ရကြောင်း သိရသည်။

၎င်းအမျိုးသမီး၏ မောင်ဖြစ်သူ ဦးကျော်လှထွေးက “မျက်လုံး နှစ်ဖက်စလုံးကို ဖောက်ထုတ်လိုက်ရတယ်။ ညာဖက်ခြေထောက်ကိုလည်း ဖြတ်လိုက်ရတာပေါ့။ ဆရာဝန်ပြောတာကတော့ ဘယ်ခြေထောက်လည်း ကျိုးသွားတယ်လို့ပြောတယ်။ ညာဖက်လက်လည်း ကျိုးသွားတယ်လို့ ပြောပါတယ်။ လူနာကတော့ စိုးရိမ်ရတဲ့အခြေနေရှိပါတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် အဆိုပါအမျိုးသမီးမှာ စစ်တွေမြို့၊ ပြည်သူ့ဆေးရုံးကြီးတွင် ဆေးကုသမှု ဆက်လက် ခံယူ နေလျက်ရှိကြောင်းသိရှိရသည်။

၎င်းအပြင် ဇန်နဝါရီ ၁၀ ရက်ကလည်း ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စပါးထားကျေးရွာတွင် ပေါက်ကွဲမှုဖြစ်၍ အသက် ၄၀ ကျော် အရွယ်အမျိုးသမီး တစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ အသက် ၄၀ ကျော်အရွယ် ဒေါ်လှသန်းနွယ်ဖြစ်ပြီး ဒဏ်ရာရရှိသူများတွင် ငါးဦးသည် စိုးရိမ်ရသည့်အခြေအနေဖြစ်ကြောင်း ၎င်းကျေးရွာ၏ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

“ဒေါ်လှသန်းနွယ်က ဆုံးပါတယ်။ ရှစ်ဦးဒဏ်ရာရတဲ့အထဲမှာ ငါးဦးက ပြင်းထန်တဲ့အတွက် မြောက်ဦးဆေးရုံကိုပို့ဆောင်ခဲ့ပြီး သုံးဦးကိုတော့ မြောင်းဘွေ တိုက်နယ်ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

အဆိုပါနေ့က ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများအနက် ဒဏ်ရာပြင်းထန်သူ အသက် ၁၂ နှစ်အရွယ် လူငယ်တစ်ဦးမှာ မြောက်ဦးဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ ဇန်နဝါရီ ၁၄ ရက်က ပြောင်းရွှေ့ခဲ့ရသည်။

၎င်းလူငယ်မှာ အသက် ၁၂ နှစ်အရွယ် မောင်မြင့်စိုးဖြစ်ပြီး ၎င်း၏ ဘယ်ဘက်ခြေထောက်အရိုးကို ထိခိုက်သွားသည်ဟု အစ်မဖြစ်သူ မဇင်မာဝင်းက ပြောသည်။

“ဆရာဝန်ပြောတာကတော့ ခြေထောက်တစ်ချောင်း ဒဏ်ရာပြင်းထန်တယ်။ အရိုးကိုထိသွားတယ်။ စစ်တွေဆေးရုံမှာ ကုသဖို့လွှတ်လိုက်တာပါ။ အခုတော့ စစ်တွေဆေးရုံသို့ ရောက်နေပါပြီ။ ဆရာဝန်က ဘာမှမပြောသေးဘူး။ ခြေအင်္ဂါပြတ်သွားမှာကို စိုးရိမ်နေတယ် ̋ ဟု ပြောသည်။

မြောက်ဦးဆေးရုံတွင် ခွဲစိပ်ကုသခံနေရသည့်ဒဏ်ရာပြင်းထန်သူငါးဦးအနက် မောင်မြင့်စိုး၏အခြေအနေသည် စိုးရိမ်ရသည့်အတွက် ယခုကဲ့သို့ စစ်တွေဆေးရုံသို့ ပို့ဆောင်လိုက်ရခြင်းဖြစ်သည်ဟုလည်း စပါးထားအုပ်ချုပ်ရေးမှူး ဦးမျိုးဇော်အောင်က ပြောသည်။

အဆိုပါမိုင်းပေါက်ကွဲမှုမှာ ရွာအနီးတောင်ပေါ်မှ ကောက်ယူရရှိလာသည့် ဗုံးသီးတစ်လုံးကို ထုခွဲကြည့်ကြရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရသူ ရှစ်ဦးထဲတွင်  ဦးကျော်နု (၄၂) နှစ်၊ ဒေါ် နုနုသန်း (၄၄) နှစ်၊  မစောသန်းနု (၁၆) နှစ်၊ မောင်စောမြင့် (၁၄)နှစ်၊ ကျော်ကျော်နိုင် (၁၆) နှစ်၊ မသန်းဌေး (၂၃) နှစ်၊ မအေးအေးမိုး (၄) နှစ်တို့ပါဝင်ကြောင်းနှင့် လက်ရှိတွင် ဒဏ်ရာရထားသူများ၏ အခြေအနေမှာ စိုးရိမ်စရာမရှိကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...