ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ တပ်နေရာချထားရေးကိစ္စကို စာချုပ်စာတန်းဖြင့် သဘောတူညီလက်မှတ်ထိုးပြီးပါက မိုင်းလင်းရှင်းရေးကို တပ်မတော်ကတာဝန်ယူပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။
ထို့သို့ သဘောတူလက်မှတ်ထိုးပြီးပါက တပ်မတော်အနေဖြင့် ၎င်းတို့၏ မိုင်းများကို အချိန်မရွေး ဖော်နိုင်သော်လည်း အခြားအဖွဲ့က တောထဲတွင် ထောင်ထားသည့်မိုင်းများကို ရှင်းလင်းရန်ခက်ခဲသည့် အနေအထားတွင်ရှိကြောင်း ယနေ့ (ဇန်နဝါရီ ၁၅ ရက်) တွင် ပြုလုပ်သည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“တစ်ဖက်နဲ့တစ်ဖက် ဆုတ်သွားမှ တပ်တွေ နေရာချထားရေးအစီအစဉ်ပေါ့။ ပြောရရင်တော့ NCA ပေါ့။ NCA မှာပါတဲ့ တစိတ်တပိုင်းပြောချင်တာပါ။ တပ်နေရာချထားမှုအပိုင်းတွေပေါ့။ အဲဒီဟာမျိုးတွေ ဖြစ်မြောက်ရင်၊ သဘောတူညီမှုဖြစ်ပြီဆိုရင် တပ်ဖက်ကတော့ သေချာတယ် တပ်ပိုင်းနယ်မြေ မှတ်ပုံတင်စနစ်နဲ့ထောင်တယ်။ သူရဲ့ စခန်းလုံခြုံရေးအတွက်ကာကွယ်ဖို့ ထောင်ခဲ့ရင် မှတ်ပုံတင်စနစ်တွေရှိတယ်။ကျွန်တော်တို့ မိုင်းတွေ အချိန်မ ရွေးပြန်ဖော်နိုင်ပါတယ်။ တောထဲမှာ တချို့တွေ တစ်ဖက်အဖွဲ့က ထောင်ထားတဲ့ မိုင်းတွေဆိုရင် ရှင်းရခက်တဲ့ အနေအထားပေါ့” ဟု ဗိုလ်မှူးကြီးမင်းသန်းက ဆိုသည်။
ရခိုင်ပြည်နယ်တွင် မြို့နယ်အသီးသီးမှ စစ်ဘေးကြောင်းထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးဒုက္ခသည်များ ကိုယ့်ဒေသ၊ကိုယ့်ရပ်ရွာသို့ လုံခြုံအေးချမ်းစွာဖြင့် ပြန်လည်သွားရောက်နေထိုင်နိုင်ေရးအတွက် ပိုမိုထိရောက်သော အကူညီများပေးသင့်ကြောင်း ပြည်နယ်အစိုးရအား တိုက်တွန်းသည့်အဆိုနှင့်ပတ်သတ်ပြီး ယနေ့တွင် လွှတ်တော်ကိုယ်စားလှယ်ခြောက်ဦးက ထောက်ခံဆွေးနွေးခဲ့သည်။
ယင်းအဆိုကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်တွင် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယနေ့လွှတ်တော် အစည်းအဝေးတွင် အဆိုကို ကန့်ကွက်သူမရှိသည့်အတွက် ပြည်နယ်လွှတ်တော်မှ အတည်ပြုခဲ့သည်။
ရခိုင်တွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များ မိမိနေရပ်သို့ပြန်ပြီး လုံခြုံအေးချမ်းစွာဘဝရပ်တည် နိုင်ရေးအတွက် မြေမြုပ်မိုင်းရှင်းလင်းရေးကို အထူးဂရုစိုက် ဆောင်ရွက ်ပေးရန် လိုအပ်ကြောင်း အဆိုရှင် ဦးဦးသန်းနိုင်က ပြောဆိုထားသည်။
“စစ်ဘေးရှောင်တွေရဲ့ ဒေသတွေဟာ မိုင်းအန္တရာယ်က တော်တော်လေးကြီးနေတယ်။ အခု နေရာတိုင်း၊ မြို့နယ်တိုင်းမှာ မိုင်းအန္တရာယ်ကြောင့် ဒုက္ခဖြစ်ရတဲ့သူတွေများနေတယ်။ ဆိုတော့ သူတို့ဒေသမှာလည်း အဲဒီမိုင်းအန္တရာယ်က ရှိမှာပဲ။အဲတာတွေကို တက်ကျွမ်းတဲ့ပညာရှင်တွေနဲ့ သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေက ရှင်းလင်းမှ စစ်ဘေးရှောင်တွေနေရပ်ပြန်နိုင်မှာဖြစ်တယ်” ဟု အဆိုကို ထောက်ခံဆွေးနွေးခဲ့သည့် ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ဆိုသည်။
ရခိုင်ပြည်နယ်တွင် မြေမြုမိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုများေကြာင့် သေဆုံးသူ ၄၁ ဦး၊ ဒဏ်ရာရရှိသူ ၇၇ ဦး စုစုပေါင်း ၁၁၈ ဦးရှိကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
“တိုက်ပွဲကာလအတွင်း တချို့ကျေးရွာတွေမှာ အိမ်ခြံအတွင်း လူသေလောင်းများမြုပ်ထားတာတွေ ရှိတယ်လို့ သိရတဲ့အတွက်ကြောင့် ဒါတွေကိုလည်း မြေမြုပ်မိုင်းနဲ့အတူ ရှင်းလင်းပြီးတော့ လုပ်ပေးသင့်တယ်။ အဲဒီမှ သာလျှင် ကျေးရွာတွေကို စစ်ဘေးဒုက္ခသည်တွေ ချောမောစွာပြန်နိုင်မှာဖြစ်ပါတယ်။ဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးဖို့လည်း လိုပါတယ် ” ဟု ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်း အောင်သိန်းက ပြောသည်။
လက်ရှိတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲများရပ်တန့်နေသည်မှာ နှစ်လကျော်ရှိလာသည့် အတွက် မိမိနေရပ်သို့ ပြန်သွားသည့် စစ်ဘေးဒုက္ခသည် ရှစ်သောင်းကျော်ရှိလာကြောင်းနှင့် နေရပ်ပြန်ရန် ကျန်နေသည့် စစ်ဘေးဒုက္ခသည် တစ်သိန်းရှစ်သောင်းကျော် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
ထိုသို့ နေရပ်ပြန်ရန်ကျန်ရှိနေသည့် စစ်ဘေးဒုက္ခသည်များ လာမည့်မိုးရာသီတွင် သူတို့၏နေရပ်ဒေသများတွင် ထွန်ယက်စိုက်ပျိုးရန် အဆင်သင့်ရှိနေရန် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများအနေဖြင့် စီစဉ်ပေးရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြကြသည်။