ကချင်ပြည်နယ်၊ဖားကန့်မြို့နယ် မဲဆန္ဒနယ်အမှတ် ၉ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) အရာရှိတစ်ဦးမှ တပ်မတော်အကြီးအကဲများအား ဂုဏ်သိက္ခာညိုးနွမ်းစေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားကြောင်း တရားစွဲခံထားရသည့်ဘက်မှ ရှေ့နေဦးသိန်းထွန်းထံမှ သိရသည်။
"တရားစွဲထားတာက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးသန်းထိုက်ဖြစ်ပါတယ်။စွဲဆိုရတဲ့အကြောင်းအရင်းက တပ်မတော်ကို ဂုဏ်သိက္ခာကျအောင်ရေးသားတယ်ပြောဆိုသောကြောင့် တရားစွဲဆိုခြင်းဖြစ်တယ်ဆိုပြီး သိရတယ်” ဟု ရှေ့နေဦးသိန်းထွန်းက ပြောသည်။
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဖမ်းဆီးရမိခဲ့သော ဘက်ဟိုးယာဉ်၊ မော်တော်ယဉ်ကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံသို့ ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် ၉ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်တင်ပြခဲ့သည်ဟု သိရသည်။
အဆိုပါ တင်ပြစာတွင် တပ်မတော်အကြီးအကဲများ၏ ဂုဏ်သိက္ခာညိုးနွမ်းထိခိုက်စေရန် မဟုတ်မမှန်တင်ပြခဲ့သည့်အတွက် ဥပဒေအရ အရေးယူပေးရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီးသန်းထိုက်မှ တရားလိုပြုကာ ဖားကန့်မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်တိုင်ကြားထားခြင်းဖြစ်ကြောင်း ရှေ့နေဦးသိန်းထွန်းကဆိုသည်။
ယင်းအမှုအား တရားလိုဘက်မှ ဖားကန့်မြို့နယ်တရားရုံးမှ ရာဇဝတ်ကြီး အမှတ် ၅၈၁/၂၀၂၀၊ ပုဒ်မ ၅ဝဝ ဖြင့်လက်ခံခဲ့ပြီး ပထမအကြိမ်ရုံးချိန်းအား ဇန်နဝါရီ ၈ ရက်တွင် ရုံးချိန်းစစ်ဆေးခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်အား အာမခံလျှောက်ထားခဲ့သည့်အတွက် ဖားကန့်မြို့နယ်တရားရုံးမှ ဇန်နဝါရီ ၈ ရက်တွင် အာမခံပေးထားကြောင်း သိရသည်။
ပထမအကြိမ် ရုံးချိန်းအား ဇန်နဝါရီ ၈ ရက်တွင် စစ်ဆေးခဲ့ပြီး ဒုတိယအကြိမ်ရုံးချိန်းကိုမူ လာမည့် ဇန်နဝါရီ ၁၈ ရက်တွင် ချိန်းဆိုထားကြောင်း တရားစွဲဆိုခံထားရသည့် အမျိုးသားလွှတ်တော်ကိုယ်စာလှယ် ဦးခင်မောင်မြင့်၏ ရှေ့နေဦးသိန်းထွန်းထံမှ သိရသည်။
"လာမယ့် ရုံးချိန်းမှာကတော့ တရားလိုပြသက်သေတွေကို စစ်ဖို့အတွက် အချိန်ဇယားဆွဲမှာဖြစ်ပါတယ် အဲနေ့က အမူစစ်မှာမဟုတ်သေးဘူး။" ဆိုပြီး ရှေ့နေဦးသိန်းထွန်းကပြောသည်။
တရားစွဲဆိုခံထားရသည့် ဖားကန့်မြို့နယ်မှ ဦးခင်မောင်မြင့် (ခ) ဦးချိုသည် NLD ပါတီမှဖြစ်ပြီး လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ကာ ၂၀၂ဝ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင်လည်း ထပ်မံအနိုင်ရရှိထားသူဖြစ်သည်။