ရွေးကောက်ပွဲအပြီး တပ်မတော်နှင့် စစ်ရေးတင်မာနေချိန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို အစွမ်းကုန်လုပ်ဆောင်သွားမည်ဟု KNLA ကတိပြု

ရွေးကောက်ပွဲအပြီး တပ်မတော်နှင့် စစ်ရေးတင်မာနေချိန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို အစွမ်းကုန်လုပ်ဆောင်သွားမည်ဟု KNLA ကတိပြု

ရွေးကောက်ပွဲအပြီး တပ်မတော်နှင့် စစ်ရေးတင်မာနေချိန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို အစွမ်းကုန်လုပ်ဆောင်သွားမည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ကတိပြုခဲ့သည်။

KNLA အနေဖြင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန် များ ကို အစွမ်းကုန်လုပ်ဆောင်သွားမည်ဟု သံန္ဓိဌာန်ချထားသည့်အတွက် မိဘပြည်သူများနှင့် ကရင်လူငယ် များမှ ပံပိုးကူညီပေးကြရန် တိုက်တွန်း တောင်းဆိုလိုက်သည်။

အဆိုပါ တိုက်တွန်း တောင်းဆိုမှုကို ရွေးကောက်ပွဲပြီးနောက် အနိုင်ရပါတီ NLD က အစိုးရသစ် မဖွဲ့စည်းခင် အချိန် ၂၇၆၀ ခုနှစ် ပြာသလိုလဆန်း ၁ ရက်ဇန်နဝါရီ ၁၃ ရက်တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ တွင် ကရင်အမျိုးသား မိဘပြည်သူများနှင့် ကရင်လူငယ်မောင်မယ် အားလုံးထံသို့ ပေးပို့သည့် KNLA ၏ အိတ်ဖွင့်ပေး စာထဲတွင် ထိုကဲ့သို့ ထည့်သွင်းတောင်းဆိုထားခြင်းဖြစ်သည်။

KNLA ၏ အိတ်ဖွင့်ပေးစာထဲတွင် “ကရင့်သက္ကရာဇ် ၂၇၆၀ ပြည့်နှစ်မှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA အနေနဲ့ အားသစ်လောင်းပြီး အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်ကို အစွမ်း ကုန် ရွပ်ရွပ်ချွံချွံ ထမ်းဆောင်သွားဖို့ သံန္ဓိဌာန်ချထားကြောင်း ကရင်မိဘပြည်သူများနဲ့ ကရင် လူငယ်မောင် မယ်များကို အသိပေးလိုပါတယ်။ တစ်ပြိုင်တည်းမှာပဲ မိဘပြည်သူများနဲ့ လူငယ်မောင် မယ်များရဲ့ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ နားလည် ပံ့ပိုးခြင်းကို ယုံကြည်မျှော်လင့်ကြောင်း ပြောကြားလိုပါတယ်။ မိခင်အဖွဲ့အ စည်းဖြစ်တဲ့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ နိုင်ငံရေး ဦးဆောင်မှုအောက်ကနေ မိမိကျရာ အမျိုးသား တာဝန်ကို ဝိုင်းဝန်းထမ်းဆောင်ကြဖို့ ကိုလည်း လှိုက်လှိုက်လှဲလှဲ တိုက်တွန်းပန်ကြား လိုပါတယ်” ဟု ပါရှိသည်။

KNU/KNLA တပ်မဟာ ၁ သထုံခရိုင် ၊ တပ်မဟာ ၃ ညောင်လေးပင်ခရိုင် နှင့် တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်တို့တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ် မတော် KNLA နှင့် တပ်မတော်တို့ နယ်မြေပြဿ နာများကြောင့် နှစ်ဖက်စစ်ရေးတင်းမာမှုနှင့်အတူ တိုက်ပွဲများပြင်းထန်စွာ ပြန်လည်ဖြစ်ပွားနေသည့် အချိန် တွင် KNLA က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဦးရေ ၆၀၀ နီးပါးထွက်ပြေးတိမ်းရှောင် နေရ သည်ဟုသိရသည်။

NCA အပစ်ရပ်စဲပြီးသည့် နောက်ပိုင်းတွင် KNU/KNLA ထိန်းချုပ်ရာ ဒေသများသို့ တပ်မတော်မှ တပ်စခန်း သစ်များ တည်ဆောက်ခြင်းနှင့် အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားများ စဉ်ဆက်မပြတ် ဝင်ရောက် လာမှုများ သည်  ဖက်ဒရယ် ပြည်ထောင်စု၏ အနှစ်သာရကို ဆန့်ကျင်သည့် လုပ်ရပ်ဖြစ်သည်ဟု ကရင် အ မျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA က သုံးသပ်သည်။

“ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး စတဲ့ နိုင်ငံရေး အရွေ့ကို ဖန်တီးနိုင်ဖို့ KNU ဘက်ကနေ သည်းခံနှိမ့်ချခြင်းများစွာနဲ့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီအချိန်မှာ မိမိတို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်အနေနဲ့ သဘောတူညီချက်များကို ထိန်းသိမ်းရေး စစ်ပွဲများ ပြန်မဖြစ်ရေးစသည်တို့ကို ထောက်ရှုပြီး နယ်မြေအသီးသီးမှာ အလျှော့ပေးခဲ့ရာ ယနေ့ NCA လက်မှတ်ရေး ထိုးပြီး ၆ နှစ်တာအတွင်း မူတြော်(ဖာပွန်) ခရိုင်ထဲ မြန်မာ့တပ်မတော်စခန်း ၇၂ ခုကနေပြီး ၈၀ ကျော်အ ထိ ရှိလာခဲ့ပြီး နည်းမျိုးစုံနဲ့  တပ်အင်အားကို တိုးချဲ့ခဲ့ကြတာဖြစ်ပါတယ်။ ကရင်ပြည်နယ် တစ်ခုလုံးထဲမှာတော့ အလျဉ်းပြောစရာ အကြောင်းမရှိတော့ပါ” ဟု ကရင်မိဘပြည်သူများနှင့် လူငယ်မောင်မယ် အား လုံးသို့ ပေးပို့သည့် KNLA ၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြခဲ့ရသည်။

ထို့အပြင် အစိုးရ၏ အုပ်ချုပ်မှု ယန္တရားများက ၎င်းတို့ အုပ်ချုပ်ရာ နေရာများသို့ ဝင်ရောက်နေရာယူခြင်းများနှင့် ပတ်သက်၍ KNLA က ယခုလို ရှု့မြင်သည်။

KNLA က “တစ်ဖက်မှာတော့ ကရင်ဒေသတွေမှာ KNU အုပ်ချုပ်ရေး ဒေသတွေမှာ  သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့တာတွေကို အကြောင်းပြုပြီး မြန်မာအစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားများက တရစပ် ထိုးဖောက်ဝင်ရောက်လာတာတွေရှိ နေပြန်ပါတယ်။ဒီလိုလုပ်ရပ်တွေက ဖက်ဒရယ်ပြည်ထောင်စု မတည် ဆောက်နိုင်ခင်မှာ ကရင်ဒေသတွေကို လွှမ်းမိုးဖို့ ကြိုးစားလာတဲ့ ပြည်ထောင်စု အနှစ်သာရကို ဆန့်ကျင်တဲ့ လုပ်ဆောင်မှုလို့ ကရင်အမျိုးသား လွှတ်မြောက်ရေး တပ်မတော်အနေနဲ့ ရှု့မြင်သုံးသပ်ပါတယ်” ဟုပြောသည်။

အပစ်အခတ်ရပ်စဲရေး ကာလဖြစ်သည့်အတွက် အင်အားအလုံးအရင်းနဲ့ ကရင်ပြည်နယ်ထဲတွင် မြန်မာ့တပ်မတော်အနေဖြင့် တပ်စွဲထားဖို့ မလိုအပ်တာကတစ်ကြောင်း၊ ရှိနေတဲ့ တပ်စခန်းအရေအတွက် အများအပြားဟာ ပြည်တွင်းစစ်ဒဏ်ကို နှစ်ပေါင်းများစွာ အလူးအလဲ ခံလာခဲ့ကြသည့် ဒေသခံ ပြည်သူလူထုအတွက် အမှန်တကယ် ကြောက်ရွံ့စိုးရိမ်မှုများ ဖြစ်ပေါ်နေသည့်အတွက် ယုံကြည်မှု တည်ဆောက်ရန် ရည်ရွယ်ပြီး ပြည်သူလူထုအတွက် အချက်အခြာကျမယ့် နေရာတွေထဲက တပ်စခန်းအချို့ကို လျှော့ချပေးဖို့ KNU ဖက်က ညှိနှိုင်းမှုတွေ ကြိုးစား လုပ်ဆောင်ခဲ့သည်ဟု KNLA က ဆိုသည်။

သို့သော် နှစ်ဖက်သဘောတူစာချုပ်နှင့် NCA လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း တပ်မတော်က ကရင်ဒေသအတွင်းသို့ ဆက်လက်ကျူးကျော်ဝင်ရောက်နေခြင်းကြောင့် လက်တွေ့မှာ ကရင်ပြည်သူလူထုရဲ့ အ သက်အိုးအိမ် စည်းစိမ်ကို အကာအကွယ် မပေးနိုင်ခဲ့သည့်အပြင် သဘောတူညီချက်များကိုလည်း အကောင်အထည် ဖော်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း၊ အရပ်သား ပြည်သူလူထုရဲ့ အကျိုးစီးပွားနှင့် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရေးအတွက် အလွန်အရေးကြီးတဲ့ ယုံကြည်မှုတည်ဆောက်နိုင်ခြင်းကိုလည်း မပြုလုပ်နိုင်ခဲ့ဟု KNLA ၏ အိတ်ဖွင့်ပေးစာထဲတွင် တွေ့ရသည်။

ထိုအခြေအနေများကြောင့် KNLA မှ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို အစွမ်းကုန် လုပ်ဆောင်သွားရာတွင် မိဘပြည်သူများနှင့် လူငယ်မောင်မယ်များမှ နားလည်မှုဖြင့် ကူညီပံ့ပိုးပေးရန် မျှော်လင့်သည်ဟု KNLA ၏ အိတ်ဖွင့်ပေးစာထဲတွင် ဖော်ပြထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...