ရခိုင်တွင် တတိယအကြိမ်လွှတ်တော်ကို ဖေဖော်ဝါရီ ဒုတိယအပတ်တွင် ခေါ်ယူမည်

ရခိုင်တွင် တတိယအကြိမ်လွှတ်တော်ကို ဖေဖော်ဝါရီ ဒုတိယအပတ်တွင် ခေါ်ယူမည်
by -
မင်းထွန်း (DMG)

တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမအကြိမ်ပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပနိုင်ဖွယ်ရှိကြောင်း လက်ရှိ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

ထိုသို့ ရခိုင်ပြည်နယ်လွှတ်တော်ကျင်းပသည့်နေ့တွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ ရွေးချယ်ခြင်းကို အဓိက လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“တတိယအကြိမ်လွှတ်တော်က ဖေဖော်ဝါရီလ ၉ ရက်နေ့လောက်ဖြစ်မယ်ထင်တယ်။ အဲဒီနေ့မှာ အမတ်တွေထဲက သဘာပတိတစ်ယောက်ရွေးမယ်။ နောက် လွှတ်တော်တက်ရောက်တဲ့အမတ် ၂၀ ထဲက လွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌတွေကိုရွေးမယ်။ အဓိက အဲတာပဲဖြစ်တယ်” ဟု ဦးစံကျော်လှက ပြောသည်။

တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်ကို ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူကျင်းပရမည်ဖြစ်ပြီး တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များထဲမှ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုခြင်းများကို ပြုလုပ်ရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များကို ပြည်သူ့လွှတ်တော်သက်တမ်းစတင်သည့်နေ့မှ ၁၅ ရက်အတွင်း ကျင်းပရမည်ဖြစ်သည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ကြေညာထားသည်။

တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ငါးဦးတက်ရောက်ခွင့်ရှိမည်ဖြစ်သည်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်အရ ရခိုင်ပြည်နယ်တွင် ပြည်နယ်လွှတ်တော်နေရာအတွက် ရခိုင်အမျိုးသားပါတီ (ANP) က ခုနစ်နေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ချင်းတိုင်းရင်းသားရေးရာဝန်ကြီးအပါအဝင် ငါးနေရာ၊ ရခိုင့်ဦးဆောင်ပါတီ (AFP) က နှစ်နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က တစ်နေရာ စုစုပေါင်း ၁၅ ဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...