နမ်ဆန်ယန်ကျေးရွာလမ်း တပ်မတော်ကဖြတ်တောက်ပေးလိုက်မှု အမြန်ပြုပြင်ပေးရန် တောင်းဆို

နမ်ဆန်ယန်ကျေးရွာလမ်း တပ်မတော်ကဖြတ်တောက်ပေးလိုက်မှု အမြန်ပြုပြင်ပေးရန် တောင်းဆို

နမ်ဆန်ယန်ကျေးရွာအရှေ့ဘက် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့သို့သွားသည့် လမ်းသွယ် ၄ခုကို မြန်မာစစ်တပ် က ဘက်ဟိုးဖြင့် တူးဖော်ဖြတ်တောက်ပေးလိုက်မှု အမြန်ပြုပြင်ပေးခြင်းမရှိပါက ကာကွယ်ရေးဦးစီးချုပ်ထံသို့ တိုင်ကြားသွားမည်ဟု ဦးဖော်လားကမ်ဖန်က ပြောသည်။

ဇန်နဝါရီလ ၂ရက်နေ့ မြစ်ကြီးနားမြို့ပေါ်ရှိ စီးပွားရေးကုန်သည်တစ်ဦးက လိုင်ဇာဘက်မှ ကုန်ပစ္စည်းများ သယ်ယူနိုင်ရေးအတွက် နမ်ဆန်ယန်ရှိဒေသခံကုန်သည်တစ်ချို့နှင့် သွားရောက်ညှိနှိုင်းခဲ့ရာ မပြေလည်ခဲ့၍ ထိုသူက တပ်ပိုင်းဆိုင်ရာသို့တိုင်ကြားလိုက်ပြီးနောက် တပ်မတော် စကခ (၂၁)ဒု-တပ်မမှူးနှင့် နယ်မြေခံတပ်များက ယခုလို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သူက ပြောဆိုသည်။

“ကျနော်တို့ဒေသခံတွေဟာ ဒီလမ်းသွယ် ၄ခုကို အသုံးပြုနေရတာဖြစ်တယ်။ အခုသူတို့က တူးပြီးပိတ်ပေးလိုက်တာ ဖြစ်တယ်။ ဒီနေရာမှာ ဒေသခံတွေက ကိုယ်တတ်စွမ်းသလောက် တောင်သူလုပ်ငန်းတွေကို လုပ်ကိုင်စားသောက်နေတာ ဖြစ်တယ်။ သူတို့ကုန်သည်အချင်းချင်းဖြတ်သန်းသွားလာနေတာကို ရွာသူရွာသားတွေနဲ့လုံးဝမသက်ဆိုင်ဘူး။ ဒါကို တစ်ဖက်လူ ကုန်သည်ကလည်း သူဖြတ်သန်းခွင့်မရတာနဲ့ သက်ဆိုင်ရာကို တိုင်တန်းလိုက်တယ်။ အထက် ကလည်း အမိန့်ပေးပြီး လမ်းတွေကို ဖျက်စီးလိုက်တယ်။ ပြောချင်တာက သက်ဆိုင်တာဝန်ရှိသူတွေအနေနဲ့ ပိတ်မယ် ဆိုရင် လုံခြုံရေးအရ အင်အားနဲ့ပိတ်လို့ရတယ်။ ဘာလို့အဲ့လိုမလုပ်ဘဲ လမ်းဖျက်စီးရတာလဲ။ ဒေသခံတွေ သွားလာ ဖြတ်သန်းခွင့်မရအောင်အထိတော့ မလုပ်စေချင်ဘူး”ဟု ဦးဖော်လားကမ်ဖန်က ပြောသည်။

လမ်းသွယ် ၄ခုအနက် လမ်းသွယ် တစ်ခုစီကို အနက် ၁၀ပေ၊ အကျယ် ၆ပေခန့် တူးဖော်ပိတ်ဆို့ပေးလိုက်ခြင်းဖြစ်ပြီး လူသွားလမ်းမှအပ မည်သည့်ယာဉ်မှ သွားလာဖြတ်သန်းခွင့်မရတော့ကြောင်း သိရသည်။

မြန်မာစစ်တပ်ဘက် က အဆိုပါ လမ်းသွယ် ၄ခုကို လာရောက်ဖြတ်တောက် ပိတ်ဆို့လိုက်ရခြင်းမှာ စီးပွားရေလုပ်ငန်းရှင် များနှင့် ကုန်သည်များ သွားလာဖြတ်သန်းနေသည့် လမ်းမများဖြစ်သောကြောင့် အထက်အမိန့်အရ ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု တာဝန်ရှိသူများက ဒေသခံများကိုပြောဆိုခဲ့ကြောင်း သိရသည်။

နမ်ဆန်ယန်ကျေးရွာသည် ပထမဦးဆုံး နေရပ်ပြန်သောစစ်ရှောင်ကျေးရွာဖြစ်သောကြောင့် ယခုလုပ်ရပ်သည် နောက်ထပ်နေရပ်ပြန်မည့်စစ်ရှောင်များအတွက် စိုးရိမ်မှု ဖြစ်စေနိုင်ကြောင်း ဦးဖော်လားကမ်ဖန်က ဆက်လက်ပြောဆိုသည်။

“နောက်တစ်ခုက နမ်ဆန်ယန်ကျေးရွာကို အခြေပြုပြီး တစ်ခြားသော ကချင်ပြည်နယ်မှာရှိတဲ့ စစ်ရှောင်များ နေရပ်ပြန်ဖို့ ကြိုးပမ်းနေတဲ့ အချိန်ဖြစ်တယ်။ သက်ဆိုင်ရာအစိုးရနဲ့ တပ်မတော်၊ လက်နက်အဖွဲ့အစည်းတွေက အတတ်နိုင်ဆုံးကြိုးစားနေကြတယ်။ ပြောချင်တာက နမ်ဆန်ယန်ကျေးရွာကိုတောင် ဒီလိုလုပ်ရပ်မျိုးတွေ လုပ်ပေးတယ်ဆိုကတည်းက နောက်နေရာတွေမှာ မလုပ်ဘူးဆိုတာ အာမ မခံနိုင်ဘူး။ ဒီလိုလုပ်ရပ်တွေက အားလုံး အတွက် စိတ်အနှောက်အယှက်ဖြစ်စေတယ်။” ဟုပြောဆိုသည်။

လက်ရှိ ဖြတ်တောက်ခံရသော လမ်းသွယ် ၄ခုမှာ အများပြည်သူများက အသုံးပြုနေသည့် လမ်းမကြီးများဖြစ်သည့် အတွက် ယခုလအတွင်း အမြန်ပြုပြင်ပေးရန်နှင့် ဆောင်ရွက်မှု မရှိပါက နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ထံသို့ စာတင်ပြတောင်း ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်ကချင်ဒေသတစ်ကျော့ပြန်စစ်ပွဲကြောင့် ထွက်ပြေးခဲ့ရသော နမ်ဆန်ယန်ဒေသခံများအနက် အနည်းငယ်သော အိမ်ထောင်စု ၁၀၀ ခန့်သည် လက်ရှိတွင် ၎င်းတို့နေရပ်သို့ပြန်လာနေထိုင်သည်မှာ ၂ နှစ်ခန့်ရှိလာပြီဖြစ်သည်။

Most read this week

January 3, 2025
မြစ်ကြီးနား – မန္တလေး ကားလမ်းပိုင်း၊ ကန့်ဘလူနယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား...
December 21, 2024
“ကျနော်တို့ လစ်လျူရှုခံရတာက မြင်သာနေတာပဲ၊ အောက်ခြေ ပြည်သူလူထုရဲ့ သဘောထားပါ မထင်ဟပ်ကြတော့ဘူး...
December 18, 2024
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်ပြည်သူများ...
လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးသူများ (Crd- မွန်မြတ်စေတနာအသင်း)
December 13, 2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ စန်းခါးကျေးရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ၃...