NLD က တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံဆွေးနွေးရန် ကယားခရီးစဉ်စတင်၊ တွေ့ဆုံရေးအတွက် တရားဝင်စာပို့ထားခြင်းမရှိဟု ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီပြော

NLD က တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံဆွေးနွေးရန် ကယားခရီးစဉ်စတင်၊ တွေ့ဆုံရေးအတွက် တရားဝင်စာပို့ထားခြင်းမရှိဟု ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီပြော
by -
နော်ဒွေးအယ်ခူ (KT)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေဖြင့် ကယားပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီဖြစ်သည့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) နှင့်တွေ့ဆုံရန် ဇန်နဝါရီ ၁၁ ရက်က စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း NLD ဗဟိုပြန်ကြားရေးအဖွဲ့မှ မုံရွာအောင်ရှင်က ပြောသည်။

“ကယားလို့တော့ကြားတယ်။ ကယားကိုအရင်တွေ့မယ်လို့ကြားတယ်။ သူတို့ CEC ဆုံးဖြတ်ချက်နဲ့သွားတာ ကျွန် တော်တို့ သိပ်ပြီးတော့မသိဘူး။ ကျွန်တော်တို့က သူတို့တွေ့ကြဆုံကြပြောကြတဲ့အေပါ်မှာပဲ မှတ်ချက်ချပေးရတာ ဆိုတော့လေ။ ကောင်းပါတယ်။ သဘောတူပါတယ်။ ရွေးကောက်ပွဲအပြီး ၁၂ရက်နေ့ကတည်းက အိတ်ဖွင့်ပေးစာ ပေပြီးကတည်းကိုက တိုင်းရင်းသားတွေရဲ့ တွေ့ဖို့အစီအစဉ်ရှိတယ်။ အပြန်အလှန်ပေါ့နော်။ ကိုယ်ဖြစ်ချင်တာ ပြောချင်တာ ကိုယ့်ဆန္ဒတွေကို ပထမဆုံးတော့ ပြောကြမှာပေါ့” ဟု မုံရွာအောင်ရှင်က ပြောသည်။

ပြည်နယ်အခြေစိုက်ပါတီဖြစ်သည့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၏ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များကို ဆက်သွယ်မေးမြန်းကြည့်ရာတွင် တရားဝင်တွေ့ဆုံဆွေးနွေးရန် အကြောင်းမကြားသေးကြောင်း သိရသည်။

ပြည်နယ်အဆင့် NLD ပါတီဥက္ကဌမှ ဖုန်းဖြင့် ဆက်သွယ်မှုရှိသော်လည်း ပါတီရုံး၌ တွေ့ဆုံဆွေးနွေးမည် ဟုအကြောင်းကြားထားပြီး တစ်စုံတစ်ရာ တိတိကျကျ ပြောဆိုထားခြင်းမရှိသေးကြောင်း သိရသည်။

NLD ပါတီကိုယ်စားလှယ်များက ပါတီရုံး၌သာ တွေ့ဆုံရန်ပြောလာပါက KySDP ပါတီအနေဖြင့် လက်ခံမည်မ ဟုတ်ကြောင်း ပြောဆိုထားသည့်အတွက် တွေ့ဆုံရန် အဆင်ပြေ၊ မပြေ မပြောနိုင်သေးကြောင်း KySDP အတွင်း ရေးမှူး ဦးသဲရယ်က ပြောသည်။

“ကျွန်တော်တို့ကို ဘာမှအကြောင်းလာတာမရှိသေးဘူး။ သူတို့ကတော့ ပြည်နယ်အဆင့်က ပါတီဥက္ကဌကနေ တဆင့်ပေါ့ ဖုန်းဆက်တာတော့ရှိတယ်။ သို့ပေမယ့်လည်း ကျွန်တော်တို့က ဗဟိုနဲ့ဗဟိုချင်း ဆက်ဆံတာမျိုး အပြန်အလှန်လေးစားတဲ့အနေနဲ့ ဗဟိုနဲ့ဗဟိုချင်း ဆက်သွယ်တာကိုပဲ ကျွန်တော်တို့ကပြောဆိုထားတာဆိုတော့ ဗဟိုကနေဆက်သွယ်လာတာမျိုးမရှိဘူး။ နောက်တစ်ခုက ဆက်သွယ်လာလို့ရှိရင် ဖိတ်ကြားတာတွေလုပ်မယ် ဆိုရင် ကျွန်တော်တို့ကို စာနဲ့ပေနဲ့ တရားဝင်ကြားဖို့လည်း အဆိုပြုထားတာပေါ့။ ဒါပေမယ့် အခုဟာက တရားဝင်စာလည်းမရှိသလို ဗဟိုကနေ တိုက်ရိုက် ကျွန်တော်တို့ကို ချိတ်ဆက်တာလည်းမရှိတဲ့ခါကျတော့ ကျွန်တော်တို့နဲ့တွေ့ဖို့ အဆင်ပြေမလား မပြေဘူးလာဆိုတာတော့ ပြောလို့မရဘူးပေါ့နော”

NLD ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်သုံးဦးဖြစ်သည့် မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နှင့် ကချင်ပြည်နယ် မြစ်ကြီးနား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်တို့ကို တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးရန် ဒီဇင်ဘာလဒုတိယပတ်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

NLD ပါတီအနေဖြင့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့်အစီအစဉ်တွင် ပထမဦးဆုံးခရီးစဉ်အဖြစ် ဇန်နဝါရီ ၁ ရက်တွင် ကချင်ပြည်နယ်မှ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တွေ့ဆုံခဲ့သော်လည်း ဒုတိယခရီးစဉ်ဖြစ်သည့် မွန်ညီညွတ်ရေးပါတီနှင့် နေရာညှိမရသည့်အတွက် တွေ့ဆုံပွဲပျက်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲအပြီး NLD ပါတီမှ နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ထားသည့် “နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့်ပြည်ထောင်စုအရေးကိစ္စ” နှင့်ပတ်သက်ပြီး တိုင်ရင်းသားနိုင်ငံရေးပါတီများသို့ ပေးပို့သောစာတွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ထုတပြန်ထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...