ရွေးကောက်ပွဲလွန်ကာလ ရခိုင်တွင် ကိုဗစ်ပိုးတွေ့မှု တစ်ရာခိုင်နှုန်းအောက်သာရှိ

ရွေးကောက်ပွဲလွန်ကာလ ရခိုင်တွင် ကိုဗစ်ပိုးတွေ့မှု တစ်ရာခိုင်နှုန်းအောက်သာရှိ
by -
မင်းထွန်း (DMG)

ရခိုင်ပြည်နယ်တွင် ကိုဗစ်ဖြစ်ပွားမှု ရွေးကောကက်ပွဲလွန်ကာလမှစတင်၍ ကျဆင်းလာပြီး ယခုအခါ ပိုးတွေ့မှု တစ်ရာခိုင်နှုန်းအောက်သာရှိတော့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်ပိုင်က ပြောသည်။

 

“အရင်တုန်းကဆိုရင် လူတစ်ရာစစ်ဆေးရင် အယောက် ၃၀ လောက် တွေ့ရှိခဲ့တယ်။ ဒီဇင်ဘာလကစလို့ တချို့ရက်တွေဆိုရင် သုညတော့၊ ဘာတော့ အဖြေထွက်ပါတယ်။ သိသိသာသာကြီး လျော့နည်းလာပါတယ်။ အဲတာမျိုးထွက်တဲ့အချိန်မှာ ကျွန်တော်တို့က တစ်ရက်ကို သုံးရာလေးရာလောက် စစ်တာလေ။ ဆိုတော့ ပိုးတွေ့ရှိမှုနှုန်းက ၁ ရာ ခိုင်နှုန်းအောက်မှာရှိတယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်ပိုင်က သည်။

 

ယင်းနောက် ပိုးတွေ့လူနာ လျော့နည်းလာသည့်အတွက် အောက်တိုဘာ ဒုတိယအပတ်မှစ၍ စစ်တွေတက္ကသိုလ် ကျောင်းကွာရန်တိန်းစင်တာကို ယာယီပိတ်ထားခဲ့ကြောင်း ရခိုင်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ တာဝန်ခံ ကိုကျော်ဌေးဦးက ပြောသည်။

 

“အောက်တိုဘာ နောက်ဆုံးအပတ်ကစပြီး လျော့နည်းလာတာပါ။ နိုဝင်ဘာ ဒီဇင်ဘာလလောက်က သိသိသာသာကြီး လျော့နည်းသွားပါတယ်။ အရင်တုန်းကဆိုရင် ကွာရန်တိန်းစင်တာနှစ်ခုပေါင်းရင် ကွာရန်တိန်းဝင်သူ စုစုပေါင်း ၁၀၀ ကျော်ရှိခဲ့တယ်။ အခု ဆိုရင် ကွာရန်တိန်း ဝင်သူ နှစ်ဦးတည်းရှိပြီ။ ရာခိုင်နှုန်းနဲ့ပြော ရမယ်ဆိုရင်တော့ ၈၀၊ ၉၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်ပေါ့နော်။ ကိုဗစ်ဒုတိယလိုင်းစဖြစ်ခဲ့တဲ့ အချိန်တုန်းကနဲ့နှိုင်းယှဉ်ရင်ပေါ့နော်” ဟု ၎င်းကပြောသည်။

 

ယင်းကဲ့သို့ရောဂါကူးစက်ခံရသည့် လူဦးရေ ကျဆင်းလာခြင်းကြောင့် အများအပြား နေထိုင်ရန် အဆင်ပြေသည့် စစ်တွေတက္ကသိုလ်ကျောင်း ကွာရန်တိန်းစင်တာ၊ အထ က (၄) ကွာရန်တိန်းစင်တာနှင့် တက္ကသိုလ်ကျောင်း ဟောင်း ကွာရန်တိန်းစင်တာတို့တွင် ကိုဗစ်ပိုးရှိသူနှင့် ဆက်စပ်ခဲ့သူများကို ထားရှိခဲ့ခြင်းဖြစ်သည်။

 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ဆေးရုံကြီးတွင်လည်း ဇန်နဝါရီ ပထမအပတ်မှစတင်၍ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ တစ်ဦးမှမရှိတော့ကြောင်း ကျောက်တော်မြို့နယ်ဆရာဝန် ဒေါက်တာသန်းထွန်းဦးက ပြောသည်။

 

“ကိုဗစ်ကူးစက်ခံရသူတွေ ဆေးရုံဆင်းသွားကြတာတော့ တစ်ပတ်လောက်ရှိပြီ။ လောလောဆယ် ပိုးတွေ့လူနာ လည်း တစ်ယောက်မှမရှိဘူး။ ရောဂါကူးစက်ခံရသူလျော့နည်းလာတယ်လို့ပြောလို့ရပါတယ်” ဟု ဆိုသည်။

ကျောက်တော်မြို့တွင် ကွာရန်တိန်းစင်တာများကို ယာယီပိတ်ထားသည်မှာ နှစ်ပတ်ခန့်ကြာမြင့်နေပြီး ပိုးတွေ့လူ နာများနှင့် ဆက်စပ်သူများနှင့် နိုင်ငံခြားပြန်လာသူများရှိလာပါက ပြန်လည်ဖွင့်လှစ်မည်ဟု ကျောက်တော် ကွာရန်တိန်းစင်တာများတွင် ပရဟိတလုပ်ဆောင်ပေးနေသည့် လူမှုရေးအသင်းထံမှ သိရသည်။

 

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် စစ်တွေမြို့နယ်တွင် နေထိုင်သည့် မိဘပြည်သူများအနေဖြင့် မိမိနေအိမ်တွင် (Stay at Home) နေထိုင်ရန်နှင့် မဖြစ်မနေ နေအိမ်ပြင်ပသို့ထွက်ခွာရန် စျေးဝယ်မည်ဆိုပါက (၁) အိမ်လျင် (၁) ဦး၊ ဆေးခန်းပြသမည်ဆိုပါက (၁) အိမ်ထောင်လျှင်နှစ်ဦးသာ နေအိမ်ပြင်ပသို့ထွက်ခွာရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

 

ရခိုင်ပြည်နယ် တစ်ခုလုံးတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၄၀၆၅ ဦးရှိပြီး သေဆုံးသူ ၃၆ ဦးရှိသည်ဟု ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဇန်နဝါရီ ၇ ရက်အထိ စာရင်းများအရ သိရသည်။

 

ယင်းသို့ ကိုဗစ်ဖြစ်ပွားမှုကျဆင်းမှုနှင့်အတူ ရခိုင်တွင် ရွေးကောက်ပွဲပြုလုပ်ရန် တောင်းဆိုမှုများရှိနေပြီး အထူးသဖြင့် ရခိုင်လက်နက်ကိုင်အဖွဲ့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုမှု များပြုလုပ်လျက်ရှိသည်။

 

မြန်မာနိုင်ငံတွင် ကာကွယ်ဆေးကို ၂၀၂၁ ခုနှစ်အတွင်း ထိုးပေးနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပိုင်ခံ ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...