တီးတိန်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သော မဲစာရင်းပေါင်း ၈၀၀၀ ကျော်ရှိဟု တပ်မတော်ထုတ်ပြန်

တီးတိန်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သော မဲစာရင်းပေါင်း ၈၀၀၀ ကျော်ရှိဟု တပ်မတော်ထုတ်ပြန်

၂၀၂၀ ရွေးကောက်ပွဲတုန်းက ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်းနှင့် မဲမသမာမှုစြဖ်နိုင်သည့် အခြားမဲစာရင်းပေါင်း ၈၀၀၀ ကျော်ရှိသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ချက်အရသိရသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် တပ်မတော်သားများ ဆန္ဒမဲပေးခဲ့သော မြို့နယ်များနှင့်စပ်လျဉ်း၍ မဲစာရင်းစီစစ်မှုများကို ပြုလုပ်လျက်ရှိပြီး ဇန်နဝါရီ ၆ ရက်က ၁၀ ကြိမ်မြောက် ထုတ်ပြန်ချက်တွင် ချင်းပြည်နယ် တီးတိန်မြို့နယ် မဲစာရင်း ပုံစံ (၁) တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၄၈၄၉ခုနှင့် မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်းပေါင်း ၃၅၈၂ခု စုစုပေါင်း ၈၄၃၀ခု ရှိကြောင်း ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်တွင် နိုင်ငံသားစိစစ်ရေးကဒ် (နိုင်ကတ်) တူနေသူများ (ကျန်အချက်အားလုံးလွဲ) မဲစာရင်းတွင် ပါဝင်နေသူအများဆုံးဖြစ်ပြီး ၄၀၁၆ ဦး၊ နိုင်ကဒ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၃၅၃၃ ဦး၊ နိုင်ကတ်အမှတ် (၁) ခုတည်းဖြင့် မဲစာရင်း သုံးကြိမ်ပါဝင်နေသူများ ၂၇၃ ဦး၊ နိုင်ကတ်တူ၊ မိခင်တူ (အမည်လွဲ၊ အသက်လွဲ၊ ဖခင်အမည်လွဲသူများ) ၁၃၈ ဦး၊ နိုင်ကတ်တူ ဖခင်တူ (အမည်လွဲ၊ အသက်လွဲ၊ ဖခင်အမည်လွဲသူများ) ၁၂၈ ဦးနှင့် နိုင်ကတ်တူ၊ အမည်တူ (အသက်လွဲ၊ မိဘအမည်လွဲသူများ) ၁၂၆ ဦး စသည်ဖြင့် တွေ့ရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ တီးတိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဒေါ်ဒိမ့်စမ်းကိမ်က “သူတို့ဘယ်ကို အခြေခံပြီးပြုစုတာလည်းဆိုတာ ကျွန်မတို့မသိဘူး မှန်လိမ့်မယ်လို့လည်းမပြောလိုဘူး။ မှားမယ်လို့လည်းမပြောလိုဘူး။ ဒါပေမယ့် ထပ်တာတွေတော့ရှိလည်း ရှိနေမှာဘဲ၊ မရှိဘူးလို့လည်း မငြင်းဘူးပေါ့နော်။ ကြေညာတဲ့အချိန်မှာ ထပ်လို့လာကန့်ကွက်တာဆိုလို့ရှိရင် ကျွန်မတို့ကဖျက်ပေးထားတယ်။ နှစ်နေရာကနေ တစ်နေရာကိုပေါ့နော်။ ဒါပေမယ့်လည်း ထပ်နေတာတွေက ရှိရင်လည်းရှိနေနိုင်တာပေါ့။ မရှိဘူးလို့တော့အပြတ် မငြင်းဘူးပေါ့နော်" ဟု ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ချင်းလူမျိူးအများစုနေထိုင်ကြသည့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင်လည်း မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း (၁၇၀၇၀) ရှိပြီး မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၃၉၉၀ ရှိပြီး စုစုပေါင်း ၄၁၀၆၀ ရှိသည်ဟု ဖော်ပြထားသည်။

ချင်းပြည်နယ် ဟားခါးမြို့နယ်တွင်လည်း မဲမသမာမှုပြုနိုင်သည့် မဲစာရင်းပေါင်း စုစုပေါင်း ၆၉၄၅ ရှိသည်ဟုဆိုကာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီလ ၃ ရက်က ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...