ရွေးကောက်ပွဲအပြီးပြုလုပ်မည့် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲအတွက် အပစ်ရပ်အဖွဲ့များ အဆင်သင့်မဖြစ်သေး

ရွေးကောက်ပွဲအပြီးပြုလုပ်မည့် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲအတွက် အပစ်ရပ်အဖွဲ့များ အဆင်သင့်မဖြစ်သေး

NCA လက်မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့ ရွေးကောက်ပွဲအပြီးတွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးရန် ပြင်ဆင်ထားသော်လည်း အပစ်ရပ်အဖွဲ့များ အဆင်သင့်မဖြစ်သေးကြောင်း အပစ်ရပ် ၁၀ ဖွဲ့တွင်ပါဝင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် အစိုးရဘက်မှ တွေ့ဆုံဆွေးနွေးရန် အဆင်သင့်အနေအထားတွင်ရှိနေပြီး အပစ်ရပ်အဖွဲ့များက အဖွဲ့ဆယ်ဖွဲ့အတွင်း သဘောထားတစ်ခုတည်းရရှိအောင် ညှိနှိုင်းနေရကြောင်း ABSDF ဒု-ဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောသည်။

ဦးမျိုးဝင်းက “ရွေးကောက်ပွဲပြီးပြီဆိုတာနဲ့ နှစ်ဖက် အလွတ်သဘောတွေ့ဆုံဖို့ဆိုတာတော့ အစိုးရဖက်မှာ သဘောထားရှိတယ်။ PPST ကလည်းပဲ သဘောတူတယ်။ အစိုးရဖက်ကတော့ ဒီ informal တွေ့ဖို့အတွက်ကတော့ သူတို့ဖက်မှာတော့ အဆင်သင့်ဖြစ်နေပြီ။ ဒါပေမယ့် EAO ဖက်မှာတော့ ညှိနှိုင်းနေရတဲ့ အခြေအနေမှာရှိတာ။ အဓိကကတော့ ညှိနှိုင်းရမယ့် ဆောင်ရွက်ရမယ့် ကိစ္စတွေကလည်း အဆင်သင့်ဖြစ်ဖို့အတွက် လိုသေးတာပေါ့နော်။ တွေ့ဆုံတယ်ဆိုတာကလည်း အဆင်သင့်ဖြစ်မှုအပေါ်မှာ မူတည်တာပေါ့နေ်။ တစ်ဖွဲ့ချင်းစီညှိနှိုင်းရတဲ့ အနေအထားမျိုး မဟုတ်တာ။ ဆယ်ဖွဲ့ရှိရင် ဆယ်ဖွဲ့အတွင်းမှာအမြင်တူအောင် ညှိနှိုင်းရတာကိုး” ဟုပြောသည်။

အစိုးရဖက်မှ တွေ့ဆုံဆွေးနွေးရန် အဆင်သင့် အနေအထားတွင် ရှိနေသော်လည်း ၎င်းတို့ အပစ်ရပ်အဖွဲ့များတွင် အခက်အခဲများကြုံတွေ့နေရကြောင်း ဦးမျိုးဝင်းက ယခုလိုဆက်ပြောသည်။

၎င်းက “ပထမအခက်အခဲကျတော့ ရောဂါအခြေအနေ အကန့်အသတ်ပေါ့။ အဖွဲ့တွေဆုံပြီးတော့ လူတွေဆုံပြီးတော့ မထိုင်နိုင်ဘူးလေ။ မထိုင်နိုင်တဲ့အတွက် အွန်လိုင်းပေါ်ကနေညှိရတယ်။ အွန်လိုင်းပေါ်က ညှိရတဲ့ဆိုတဲ့ အနေအထားအပေါ်မှာ မူတည်ပြီးတော့ နည်းနည်းတော့ အခက်အခဲရှိတာပေါ့။ စီမံခန့်ခွဲမှုကိစ္စ မဟုတ်ပဲနဲ့ နိုင်ငံရေးကိစ္စတွေ အွန်လိုင်းပေါ်ကနေ ညှိရတာတော့ နည်းနည်း အချိန်ယူရတယ်လေ။ အစိုးရနဲ့ စကားပြောတယ်ဆိုတာကလည်း ကြေကြေလည်လည်ရှိမှ ဆယ်ဖွဲ့စလုံးရဲ့ သဘောထားရှိမှပဲ။ ကျွန်တော်တို့က ဆောင်ရွက်ရတာကိုး။ အဲဒါလေးပါပဲ အဲဒီအတွက်ကို အချိန်ယူပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟုပြောသည်။

ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် NLD ပါတီက အစိုးရသစ်မဖွဲ့စည်းနိုင်မီအချိန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အလွတ်သဘော ဆွေးနွေးညှိနှိုင်း နိုင်ရန်အတွက် NCA အပစ်ရပ်ထားသည့် တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များက ယာယီတွေ့ဆုံဆွေးနွေးညှိနှိုင်းရေး အဖွဲ့တစ်ခုကို ပြီးခဲသည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်းကပြုလုပ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအ ဝေးတွင် ဖွဲ့စည်းထားသည်။

PPST ၏ ထိုယာယီ တွေ့ဆုံညှိနှိုင်းရေးအဖွဲ့ကို RCSS မှ ဗိုလ်မှူးကြီးစိုင်းငင်းက ဦးဆောင်မည်ဖြစ်ပြီး အပစ်ရပ် ၁၀ ဖွဲ့က ကိုယ်စားလှယ် တစ်ယောက်စီပါဝင်မည်ဟု သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA တွင် ကရင်အမျိုးသား အစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ကရင်အမျိုးသားဒီမိုရေစီအကျိုးပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ လက်မှတ်ရေးထိုးထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...