အရပ်ဘက်မဲဆန္ဒရှင်တွင် မဲမသမာမှုမရှိခဲ့ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ပြော

အရပ်ဘက်မဲဆန္ဒရှင်တွင် မဲမသမာမှုမရှိခဲ့ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ပြော

“ကျွန်တော်တို့ချင်းလူမျိူးဘက်မှာတော့ တစ်ယောက်နဲ့ တစ်ယောက်သိနေတဲ့အတွက်ကြောင့် နှစ်ခါပေးဖို့လာလို့ ရှိရင်လည်းပေါ်မှာမိမှာ။ တပ်ဖက် (တပ်မတော်) က လူတွေလာလို့ရှိရင်တော့ မသိနိုင်ဘူး”

ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်

ချင်းပြည်နယ် ဟားခါးမြို့နယ်တွင် မဲသမာမှုပြုနိုင်သည့် မဲစာရင်းပေါင်း ၆၀၀၀ ကျော်ရှိသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ဇန်နဝါရီ ၃ ရက်က ထုတ်ပြန်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ အရပ်ဘက်မဲဆန္ဒရှင်၌ မဲမသမာမှုမရှိခဲ့ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးလင်းကျော်က တုန့်ပြန်ပြောကြားခဲ့သည်။

“မသမာမှုဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ စကားရပ်ကိုကြည့်မယ်ဆိုရင် ကျွန်တော်တို့ချင်းပြည်နယ်မှာဖြစ်တဲ့ဟာက ချင်းလူမျိူးတွေဖြစ်တာတစ်ကြောင်းရယ်၊ လူဦးရေနည်းပြီးတော့ တစ်ယောက်နဲ့တစ်ယောက်သိနေကြတာ၊ ချင်းလူမျိူးအများစုနေထိုင်တာဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်သိတော့ ရပ်ကျေးကော်မရှင်ကလည်း ကိုယ့်ရပ်ကွက်ထဲက လူတွေအားလုံးသိနေတယ်။ သိနေတော့ သူ နှစ်ခါလာပေးတာနဲ့ မသမာမှုကပေါ်မှာပေါ့။ ဒီလိုထပ်နေတဲ့စာရင်းကတော့ ဘယ်နေမှာဘဲဖြစ်ဖြစ် မသမာမှုကတော့ဖြစ်နိုင်တယ်။ သို့သော် ဒီမှာတော့ အရပ်ဘက်မဲဆန္ဒရှင်တွေထဲမှာ မတွေ့ရဘူး၊ မရှိဘူးပေါ့နော်။ ရှိခဲ့ရင်တောင်မှ တန်းပေါ်မှာ” ဟု ဦးလင်းကျော်ကပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတုန်းက တပ်မတော်သားများဆန္ဒမဲ ပေးခဲ့သော မြို့နယ်များနှင့်စပ်လျဉ်း၍ မဲစာရင်းစီစစ်မှုများကိုပြုလုပ်လျက်ရှိပြီး ဇန်နဝါရီ ၃ ရက်က သတ္တမအကြိမ်ထုတ်ပြန်ချက် တွင် ချင်းပြည်နယ် ဟားခါးမြို့နယ်၊ မဲစာရင်းပုံစံ(၁) တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၃၈၅၅၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်းပေါင်း ၃၀၉၀ စုစုပေါင်း ၆၉၄၅ ရှိသည်ဟု ဖော်ပြထားသည်။

ယင်းအထဲတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြား (နိုင်ကဒ်) မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူအများဆုံးဖြစ်ပြီး ၃၀၂၆ ဦး၊ နိုင်ကတ်အမှတ်တူသော်လည်း ကျန်အချက်အလက်အားလုံးလွဲသူ ၂၉၃၈ ဦး၊ နိုင်ကဒ်တူ၊ အမည်တူ၊ အသက်တူ၊ မိဘတူ (အားလုံး တူသူ) ၆၆ ဦးနှင့် အသက် ၁၀၀ နှစ်အထက် ၄၅ ဦးရှိသည်ဟု ဖော်ပြထားသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုန်ပြန်သကဲ့သို့ မဲစာရင်းတွင် အချက်အလက်တူထပ်နေမှုများရှိ နေနိုင်သော် လည်း အရပ်ဘက်မဲဆန္ဒရှင်များထက် တပ်ဘက်မဲဆန္ဒရှင်များတွင် မဲမသမာမှုပိုဖြစ်နိုင်သည်ဟု ချင်းပြည်နယ်ရွေး ကောက်ပွဲကော်မရှင်အတွင်းရေးမှူးဦးလင်းကျော်ကယခုလိုထောက်ပြသည်။

“နှစ်ပိုင်းခွဲပြီးတော့ပြောရင်တော့အရပ်ဘက်မဲဆန္ဒရှင်တွေက ကျွန်တော်တို့ချင်းလူမျိူးဘက်မှာတော့ တစ် ယောက်နဲ့ တစ်ယောက်သိနေတဲ့အတွက်ကြောင့် နှစ်ခါပေးဖို့လာလို့ရှိရင်လည်းပေါ်မှာမိမှာ။ တပ်ဖက် (တပ်မ တော်)က လူတွေလာလို့ရှိရင်တော့ မသိနိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော် တို့ရပ်ကျေးကော် မရှင်ကသူ တို့ကိုမသိဘူး။ မသမာမှုဖြစ် နိုင်ခြေရှိတာကတော့ တပ်ဖက်ကတော့အများဆုံးပဲလို့ ကျွန်တော်တို့က တော့ သူတို့ ရဲ့ကိန်းကဏန်းတွေအရတွေ့ရတယ်။တပ်ဘက်က မဲစာရင်းနဲ့ပတ်သက်ရင်တော့ သူတို့လူတွေကို ကျွန်တော်တို့မ သိဘူး မသိတဲ့အတွက် အဲဒီဘက်က မသမာမှု လုပ်နိုင်ခြေရှိတဲ့ဟာလည်းတွေ့တယ်၊ ဒါပေမယ့် အဲဒီဟာသည် ကျွန်တော်တို့က လူတွေမသိတဲ့အတွက်မပေါ်ပြန်ဘူး”ဟု ဦးလင်းကျော်က ပြောသည်။

ဟားခါးမြို့နယ်တွင် ပြီးခဲ့သည့် ရွေးကောက်ပွဲတုန်းက ရှေ့တန်းထွက်မည့် တပ်မတော်သား ၂၉ ဦးကသာကြို တင်မဲတောင်းခဲ့ကြပြီး ရှေ့တန်းမထွက်ဘဲ နောက်တန်းမှာရှိနေသည့် တပ်ခွဲမှူး၊ ဒုအရာခံဗိုလ်စသည့်ပုဂ္ဂိုလ် များ ကလည်း ကြိုတင်မဲအတွက် တောင်းခဲ့ကြသည်ဟု သိရသည်။

ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဒေါက်တာမှုထန်ကတော့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ ဖြစ်နိုင်ခြေရှိပြီး သူ့မဲဆန္ဒနယ်မြေ ထန်တလန်ဘက်မှာလည်း အလားတူဖြစ်ရပ်မျိူး နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတုန်းက ဖြစ်ပွားခဲ့ကြောင်းပြောသည်။

“ကျွန်တော်တို့ ထန်တလန်မှာတောင်မှ သေချာမစိစစ်ဘူး။ ရွာတစ်ရွာမှာတောင်မှ အဲဒါမျိူး မှတ်ပုံတင်မရှိတာ၊ အမည်ထပ်တာတို့၊ အသက် ၁၂၅ ဖြစ်တဲ့လူက မဲပေးတာတို့ ဒါတွေက ရွာတစ်ရွာအတွင်းမှာတောင်မှ တော်တော်ရှိတယ်။ ဖြစ်နိုင်ခြေရှိပါတယ်" ဟု ဒေါက်တာမှုထန်ကပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့သော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တရားမျှတမှုမရှိဟုဆိုကာ ကန့်ကွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တပ်မတော်ပေါင်း၍ ရွေးကောက်ပွဲပြန်ကျင်းပပေးရန်တောင်ဆိုမှုလည်း ရှိခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...