ဖမ်းဆီးခံ NLD မှ လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦး လွတ်မြောက်လာခြင်းက တပ်မတော်နှင့် AA တို့ ဆွေးနွေးမှုရလဒ်ကြောင့်ဖြစ်

ဖမ်းဆီးခံ NLD မှ လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦး လွတ်မြောက်လာခြင်းက တပ်မတော်နှင့် AA တို့ ဆွေးနွေးမှုရလဒ်ကြောင့်ဖြစ်
by -
မင်းထွန်း (DMG)

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) မှ ဖမ်းဆီးထိန်းသိမ်းထားသည့် တပ်မတော်သားများနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦး လွတ်မြောက်လာခြင်းက တပ်မတော်နှင့် AA တို့ ဆွေးနွေးမှုရလဒ်များကြောင့်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ဇန်နဝါရီ ၁ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

AA အဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားသည့် NLD မှ လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးနှင့်အတူ တပ်မတော်သားသုံးဦးတို့သည် စစ်တွေမြို့သို့ တပ်မတော်ရဟတ်ယာဉ်များဖြင့် ရောက်ရှိလာပြီးယင်းနောက် ပါတီဝင်သုံးဦးကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက ယင်းနေ့ညနေပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများထံသို့ နယ်မြေခံတပ်ဌာနချုပ်ရိပ်သာ၌ လွှဲပြောင်းပေးအပ်ခဲ့ကာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်အဖွဲ့ဝင်များက လက်ခံခဲ့ကြောင်းနှင့် လွတ်မြောက်လာသူများကလည်း ကျေးဇူးတင်စကား အသီးသီးပြောကြားခဲ့ကြသည်။

ဖမ်းဆီးခံခဲ့ရသည့် NLD မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောက “နောက်တစ်ကြိမ်တစ်ခါမှာ ကျွန်မတို့လို နိုင်ငံရေးရဲ့ သားကောင်တွေ ထပ်ပြီးတော့ မပေါ်ရအောင်အတွက်ကို လက်ရှိတာဝန်ရှိနေတဲ့ အဖွဲ့အစည်းအားလုံးရဲ့ ခေါင်းဆောင်တွေအားလုံးက နောက်ထပ်လာမယ့်အနာဂါတ်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးချမ်းသာယာတဲ့ ဒီမြန်မာနိုင်ငံတော်ကြီးကို နောက်ကမျိုးဆက်တွေလက်ထဲကို ပေးအပ်ကြပါလို့ ပြောလိုပါတယ်” ဟု ယင်းကဲ့သို့ပြောသည်။

ဖမ်းဆီးခံခဲ့ရသော NLD မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်၊ ဦးမင်းအောင်နှင့် ဒေါ်ချစ်ချစ်ချော အောက်တိုဘာ ၁၄ ရက်က တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာသို့ ရွေးကောက်ပွဲစည်းရုံးရေးခရီး သွားရောက်စဉ် ရခိုင်တပ်မတော် (AA) ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ NLD ပါတီဝင်သုံးဦးကို လိုအပ်သောစစ်ဆေးမှုပြုလုပ်ပြီး ဇန်နဝါရီ ၁ ရက် နေ့လည် ၂ နာရီ ၃၅ မိနစ်တွင် ရခိုင်ပြည်၊ မြေပုံမြို့နယ် မီးကျောင်းတက်ကျေးရွာ၌ ရလိုင်လက်နက်ကိုင်အဖွဲ့ လွှဲပြောင်းရေးအဖွဲ့မှ မြန်မာ့တပ်မတော်လက်ခံရေးအဖွဲ့ထံသို့ ကောင်းမွန်စွာ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း AA မှ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ AA ၏ထုတ်ပြန်ချက်တွင် NLD အဖွဲ့ဝင်များကို AA မှ ကောင်းမွန်စွာပြန်လည်လွှတ်ပေးသည့်နည်းတူ NLD အစိုးရလက်ထက်တွင် အမှန်တကယ် ပြစ်မှုမကျုးလွန်ဘဲ ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးထိန်းသိမ်းခံနေရသော ရခိုင့်နိုင်ငံရေးသမားများ၊ အပြစ်မဲ့ပြည်သူများနှင့် အခြေအနေအမျိုးမျိုးတွင် ဖမ်းဆီးခံနေရသော မိမိတို့ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များအားလုံးကိုလည်း NLD အစိုးရမှ ငြိမ်းချမ်းရေးကိုရှေးရှု၍ အပြန်အလှန်တုံ့လှယ်သော မေတ္တာတရားတို့ဖြင့် သဘောထားကြီးမားစွာဖြင့် အမြန်ဆုံးပြန်လည်လွှတ်ပေးရန် ရခိုင်တမျိုးသားလုံးမှလိုလားကြောင်း တောင်းဆိုထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...