၂၀၂၅ ရွေးကောက်ပွဲတွင် အောင်မြင်ရန် လာမည့်နှစ်မှစ၍ ပြင်ဆင်တော့မည်ဖြစ်ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ဥက္ကဌ ဦးငိုင်ဆာ့ခ်က အတည်ပြုပြောကြားခဲ့သည်။
CNLDအနေဖြင့် ယခုနှစ် ရွေးကောက်ပွဲတွင် နေရာပေါင်း ၅၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော်နေရာမှလွဲ၍ အားလုံးရှုံးနိမ့်ခဲ့သည်။
“ချင်းပါတီတွေပေါင်းရုံနဲ့ချင်းတစ်ပါတီတည်းဖြစ်ရုံနဲ့မရဘူးဆိုတာသင်ခန်းစာရတယ်။ ၂၀၂၅ အတွက် ကြိုတင်ပြင်ဆင်မှုအများကြီးလိုတယ်။လူထုနဲ့ထိတွေ့မှုတွေဆက်တိုက်လုပ်သွားမယ်။ လာမည့်၂၀၂၁ခုနှစ်မှာပါတီဗဟိုကော်မတီအစည်းအဝေးရှိတယ်။ အဲ့ဒီမှာလည်း ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးသင်ခန်းစာယူစရာ ဆွေးနွေးမယ်။ ၂၀၂၅အတွက်လည်းလာမည့်နှစ်ကုန်ကစပြီးစပြင်ဆင်တော့မယ်။ ၂၀၂၅ အတွက် အချိန်အများကြီးယူပြီး လှုပ်ရှားမှ ၂၀၂၅ မှာအ ခြေအနေကောင်းမယ်” ဟု ဥက္ကဌ ဦးငိုင်ဆာ့ခ်က ပြောသည်။
CNLD ပါတီသည် ချင်းပြည်နယ်တွင် လွှတ်တော်နေရာ ၃၉ နေရာတွင် ၃၇ နေရာနှင့် ချင်းပြည်နယ်ပြင်ပ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ရခိုင်ပြည်နယ်များရှိ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာ သုံးနေရာအပါအဝင်နေရာ ၂၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပါတီအနေဖြင့် ရွေးကောက်ပွဲမဲဆွယ်ကာလတွင် နိုင်ငံပိုင်ရုပ်သံမှ မဲဆွယ်စည်းရုံးရန် ပြင်ဆင်ခဲ့သော်လည်း ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်ပါအကြောင်းအရာ စာသားအချို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့ခြင်းကြောင့် ထိုအစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီး တခြားမဲဆွယ်ရေးနည်းလမ်းကို အသုံးပြုရန် ဆောင်ရွက်ခဲ့သည့် ပါတီတစ်ခုလည်းဖြစ်သည်။
သို့သော်လည်း CNLD ပါတီသည် ချင်းပြည်နယ်မြို့နယ်အများစုတွင် NLD ပြီးလျှင် မဲအများဆုံးရသည့် အတိုက်အခံပါတီဖြစ်ကြောင်း သိရသည်။
ယင်း CNLD ပါတီသည်ချင်းပါတီများဖြစ်သော ချင်းတိုးတက်ရေးပါတီ (CPP)၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD) နှင့် ချင်းအမျိုးသားဒီမိုက ရက်တစ်ပါတီ (CNDP) တို့ ပူပေါင်းဖွဲ့စည်းထားသည့် ပါတီတစ်ခုဖြစ်သည်။