လာမည့်အစိုးရသက်တမ်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းလုပ်ဆောင်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မျှော်လင့်

လာမည့်အစိုးရသက်တမ်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းလုပ်ဆောင်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မျှော်လင့်

လာမည့်အစိုးရသက်တမ်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ပါဝင်သည့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းလုပ်ဆောင်နိုင်ရန်မျှော်လင့်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ပြောသည်။

အစိုးရသစ်လက်ထက်တွင် ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု အခင်းအကျင်းများ နှင့် ပတ်သက်၍ ပအို့ဝ်အမျိုးသား အဖွဲ့ချုပ် PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “NLD ပါတီ အနေနဲ့လည်း ပြည်သူတွေရဲ့ မန်းဒိတ်ကို အပြည့်အဝရတော့ လွတ်လွတ် ကျွတ်ကျွတ် ကိုယ် လိုချင်တဲ့ ပေါ် လစီကို အကောင်အထည်ဖော် နိုင်တယ်။ ကျွန်တော်တို့ EAO တွေကလည်း အပြည့်အ၀ ပံ့ပိုးပြီးတော့ ပူးပေါင်း ဆောင် ရွက်မယ်။ အဲဒီအချိန်မှာ တပ်မတော်ဘက်ကလည်း နားလည်မှု ရှိရှိနဲ့ ပူးပေါင်းဆောင် ရွက်မယ်။ အခု လက်ရှိလည်း တပ်မတော်က ညှိနှိုင်းရေး အဖွဲ့တွေ ဖွဲ့ပြီး တော့ ရှေ့တစ်လှမ်းတိုးနေတဲ့ အခါကျတော့ အား လုံးက ကျွန်တော်ထင်တယ် ပဋိပက္ခ အညင်းပွားမှု နည်းနည်းနဲ့ ပူးပေါင်း ဆောင်ရွက်မှု များများနဲ့ လုပ်နိုင်မယ့် ငါးနှစ်ဖြစ်မယ်လို့ရည်မှန်းပါတယ်” ဟုပြောသည်။

၂၀၁၅ မှ ၂၀၂၀ ခုနှစ် လက်ရှိ အစိုးရသက်တမ်းတွင် စစ်ဖက်အရပ်ဖက် ဆက်ဆံရေးသော်လည်းကောင်း၊ အစိုးရနှင့် တပ်မတော်တို့ ဆက်ဆံရေးသော်လည်းကောင်း၊ တပ်မတော်၊ အစိုးရနှင့် တိုင်းရင်သား လက် နက်ကိုင် အဖွဲ့အစည်းများအကြား ဆက်ဆံရေးသော်လည်း အားမကောင်းခဲ့သည့်အတွက် ငြိမ်းချမ်းရေး ဖော်ဆောင်မှုများတွင် တိုးတက်သင့်သလောက် တိုးတက်မှုကို မရရှိခဲ့ဟု ဗိုလ်မှူးကြီး ခွန်ဥ က္ကာက ဆိုသည်။

လက်ရှိတွင် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုအတွက် တပ်မ တော်က ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့် ဦးဆောင် သည့် တွေ့ဆုံဆွေးနွေးရေး ကော်မတီကို ဖွဲ့စည်းထားသကဲ့သို့ အစိုးရ ကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ ဆက်နိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် ဆက်လက် တွေ့ဆုံ ဆွေးနွေးသွားရန် ရှိကြောင်း သိရသည်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဒု-ဥက္ကဋ္ဌ ခူးဦးရယ်က “ကျွန်တော်အနေနဲ့ သုံးသပ် မိတာကတော့ လာမယ့် အစိုးရသစ် ဖွဲ့စည်းပြီးတဲ့ နောက်မှာကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ် သက်ပြီး အစိုးရရော၊ တပ်မတော်ကပါ၊ တပ်သုတ်ရိုက် လောလောပြီး သွားချင်တဲ့ ဆန္ဒတွေပေါ်တယ်။ ကျွန်တော် အဲလို မြင်တယ်။ ဘာကြောင့်လဲဆိုရင် အခုဖွဲ့ စည်းလိုက်တဲ့ တပ်မ တော်ကိုယ်စားလှယ်တွေ ပြန်လည်ဖွဲ့စည်းတယ် ဆိုပေမယ့်လည်း လူဟောင်းတွေပါပဲ အကုန်ပြော ရင်တော့ အရင်တုန်းက ဖွဲ့စည်း လိုက်တဲ့ ကိုယ်စားလှယ် ဟောင်းတွေပါပဲ။ အစိုးရဖက်ကတော့ NRPC ကိုတော့ ပြန်လည်စုဖွဲ့မယ့် သဘောတော့ ရှိလိမ့်မယ်လို့ ကျွန်တော်ကတော့ ဒီလိုမြင်တယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်က “ဝ” ပြည် သွေးစည်းညီညွတ်ရေး ပါတီ UWSP ဌာနချုပ် ပန်ခမ်း (ပန်ဆန်း) တွင် ရခိုင်လက်နက်ကိုင်အဖွဲ့( AA) နှင့် တပ်မတော်တို့တွေ့ဆုံမှု ရှိခဲ့သလို ဒီဇင်ဘာ ၇ ရက်က လည်း ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP နှင့် အစိုးရတို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ခူးဦးရယ်က “ကျွန်တော်တို့ တွေ့ဆုံတုန်းကလည်း သူတို့ ပြန်လည် Reform လုပ်မယ်ဆိုတာလည်း ပြောတာ တွေ ရှိပါတယ်။ ဆိုတော့ ကျွန်တော်နားလည် ရသလောက်ဆိုရင် လူဟောင်းတစ်ချို့နဲ့ လူသစ် တစ်ချို့ ပေါင်း စပ်ပြီးတော့ နည်းနည်း အားကောင်းကောင်းနဲ့ သူတို့စုဖွဲ့လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်ပေါ့နော်။ ဒါမှ ပိုပြီး အလုပ်ဖြစ်မယ်ဆိုတဲ့ သဘောမျိုးလို့ ကျွန်တော်နားလည်ပါတယ်။ အဲဒီတော့ ခုနပြောသလို့ပဲ အစိုးရ ကိုယ်စားလှယ်တွေရော၊ တပ်မတော်ကပါ ပြန်လည်စတင်မယ့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အစောဆုံး ဖြစ်နိုင် အောင် သူတို့ အခုကတည်း ပြင်ဆင်နေတယ်လို့ ကျွန်တော်နားလည်တယ်” ဟု ပြောသည်။

တစ်ချိန်တည်းတွင် NCA အပစ်ရပ် လက်မှတ်ထိုးထားကြသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများကလည်း အစိုးရ၊ တပ်မတော်တို့နှင့် အလွတ်သဘာ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် အဖွဲ့ဝင် ၁၀ ဦးပါသည့် တွေ့ဆုံညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းထားသည်။

ထို့ပြင် ရွေးကောက်ပွဲကြောင့်သော်လည်းကောင်း၊ ကိုဗစ်ကပ်ရောဂါ ကြောင့်သော်လည်းကောင်း ရပ်တန့် နေသည့် အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့များ၏ တွေ့ဆုံမှုများက အစိုးရနှင့် တပ်မတော်ဖက်မှ ဆက်သွယ်လာပါက အချိန်မရွေး ပြန်လည် စတင်နိုင်သည့် အနေအထားတွင်ရှိသည်ဟု   PCG မှ ဦးလမိုင်ဂွမ်ဂျာက ပြောဆိုထားသည်။

ထိုအခြေအနေများအောက်တွင် လာမည့် ငါးနှစ်တာ ကာလအတွင်း နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် အပတ်သက်၍ ဗိုလ်မှူးကြီးခွန်ဥက္ကာက “ငြိမ်းချမ်းရေး လိုချင်တာ တပ်မတော်ဘက်၊ အစိုးရဘက်၊ လက်နက်ကိုင် အဖွဲ့အစည်းဘက် တစ်ပြေး ညီဖြစ်ရင်တော့ သူ့ဟာသူ ရသွားမှာ တစ်ပြေးညီ မဖြစ်ရင်တော့ ပျောက်ကြားပျောက်ကြား ကျန်ခဲ့မှာပဲ။ ဒါပေမယ့် တစ်ပြည်လုံး အတိုင်းအတာနဲ့ ပြောရင် တော့ တစ်ပြည်လုံး အတိုင်းအတာနဲ့ ပြောရင်တော့ ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေး တည်ငြိမ်မှုကတော့ ပိုပြီးတော့ ကောင်းလာမယ်လို့ ထင်တယ်။ ဒါပေမယ့် အားလုံး ရာခိုင်နှုန်းအပြည့်တော့ ကောင်း ဖို့မလွယ်ဘူး။ တစ်ကွက်တစ်လေ ကျန်မယ်။ တစ်နေရာမဟုတ်ရင် တစ်နေရာကျန်မယ်။ သို့သော် လည်းပဲ ယေဘုယျအားဖြင့်တော့ ကျွန်တော်တို့ တစ်ပြည်လုံး တည်ငြိမ်အေးချမ်းမှုနဲ့ ဒီငြိမ်းချမ်းရေး သဘောမျိုးဆောင်တဲ့ အရွေ့တစ်ခုကို ရောက်မယ်လို့တော့ ထင်ပါတယ်။ဒီလာမယ့် ငါးနှစ်မှာ” ဟု သုံးသပ်သည်။

ထို့ကြောင့် လာမည့် အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်ပါဝင်သည့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ပဋိပက္ခအသွင်ဆောင်သည့် အငြင်းပွားစရာ ဆွေးနွေးညှိနှိုင်းမှုများထက် အပြုသဘောဆောင်သည့် ညှိနှိုင်းမှုများလုပ်ဆောင်ရန် လိုသည်ဟု ဆိုသည်။

လက်ရှိ အစိုးရသက်တမ်းတွင် ရခိုင်ဒေသမှလွဲ၍ အခြားတိုင်းရင်းသားဒေသများမှာ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲဖြစ်ပွားမှု သိသိသာသာ လျော့နည်းသွားသော်လည်း  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်မှုအနေဖြင့် ယခင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်ကထက် တိုးတက်မှုမရှိပဲ နှေးကွေးနေကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ၊ တက်ကြွလှုပ်ရှားသူများနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများက ပြောသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...