မွန်ပြည်နယ်ရှိ မဲဆန္ဒရှင် ၁၈ သိန်းကျော်တွင် မှတ်ပုံတင်မရှိသူ သုံးသိန်းကျော်ပါဝင်နေသည်ကိုတွေ့ရကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်အတွင်းရေးမှူး ဦးဝင်းမော်ဦးကပြောသည်။
အဆိုပါဦးရေသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပုံစံ ၁ ဖြင့် တောင်းယူထားသည့်စာရင်းများကို ပြန်လည်စစ်ဆေးရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးဝင်းမော်ဦးက “ပုံစံ ၁ ကို UEC ကနေပြီးတော့ တောင်းတယ်။ ရတာကို Excel ပြောင်းပြီးတော့ ကွန်ပျူတာနဲ့စစ်ထုတ်တယ်။ ထုတ်တဲ့နေရာမှာ သူက မှတ်ပုံတင်ထပ်တဲ့ဟာတို့၊ နောက်တစ်ခါ မှတ်ပုံတင်မရှိ/လုံးဝမရှိတဲ့ဟာတို့၊ အရေအတွက်တွေကို နည်းပညာအရ သူ့ပါသာသူထွက်လာတယ်။ တစ်မြို့နယ်ချင်းကို စစ်တယ်” ဟု ဦးဝင်းမော်ဦးကပြောသည်။
မွန်ပြည်နယ်အတွင်း မဲစာရင်းတွင်ပါဝင်သည့် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၁၈၂၈၈၂၇ ဦးအနက် မှတ်ပုံတင်မရှိသူ ၃၀၄၀၈၁ ဦးရှိနေသည်ကို တွေ့ရခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
“ကျွန်တော်တို့ အဲ့ဒီဟာတွေကိုတော့ ဗဟိုကိုတင်ပြတယ်။ ဗဟိုကနေတဆင့် တရားလွှတ်တော်ချုပ်ကို တင်ပြတယ်။ တိုင်းကြားထားတာမျိုးတွေလည်းရှိတယ်။ တစ်နိုင်ငံလုံးအနေအထားတွေ့ရှိချက်တွေ မူတည်ပြီးတော့ တင်ပြထားတယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ထိုသို့ ပုံစံ ၁ ဖြင့် ထုတ်ယူထားသည့်မဲစာရင်းတွင် မဲပေးခွင့်ရှိသူများထဲ၌ မှတ်ပုံတင်ထပ်နေသူ ၃၃၉၈၆ ဦး၊ အသက် ၁၈ နှစ်မပြည့်ဘဲ မဲပေးသူ ၂၄၇ ဦးပါဝင်နေကြောင်း သိရသည်။
မဲစာရင်းစတင်ပြုစုချိန်တွင် မှတ်ပုံတင်မရှိသူများကို သက်ဆိုင်ရာ လဝကအထောက်အထားတစ်ခုဖြင့် မဲပေးခွင့်ပြုမည်ဆိုသော်လည်း လက်တွေ့တွင် ရပ်ကျေးအဆင့် ထောက်ခံချက်များဖြင့် ပေးသွားသည်ကိုတွေ့ရသဖြင့် ဥပဒေနှင့်မညီကြောင်း ၎င်းကပြောသည်။
“ဒီဟာတွေနဲ့ပတ်သက်ပြီး မဲပေးခွင့်တွေကို ဘယ်လိုမဆုံးရှုံးအောင်လုပ်ရမလဲ။ ဒါတွေက သက်ဆိုရာ လဝက အထောက်အထားနဲ့ပေးပါ့မယ်ပြောတယ်။ ဒါပေမဲ့ ရာအိမ်မှူး/ဆယ်အိမ်မှူးထောက်ခံချက်တွေနဲ့ ပေးသွားတယ်။ ဒါတွေက ဥပဒေနဲ့မညီဘူး” ဟု ဦးဝင်းမော်ဦးကပြောသည်။
အဆိုပါကိစ္စများနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများက မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်တွင် ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်သွားရန်လုပ်ဆောင်နေပြီး လက်ရှိတွင် သံဖြူဇရပ်မြို့နယ်နှင့် မုဒုံမြို့နယ်တို့တွင် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ လွှတ်တော်သုံးရပ်နှင့် တိုင်းရင်းသားလူမျိုးရေးရာ မဲဆန္ဒနယ် ၄၅ နေရာတွင် ကိုယ်စားလှယ်လောင်း ၂၅၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၃၄ နေရာ၊ မွန်ညီညွတ်ရေးပါတီက ၁၁ နေရာ အနိုင်ရရှိခဲ့သည်။