တပ်မတော်နှင့် AA တို့ ဆွေးနွေးမှုရလဒ်အပေါ်မူတည်၍ ရခိုင်မြို့နယ်ကိုးခုတွင် ရွေးကောက်ပွဲကျင်းပရေး ဆုံးဖြတ်မည်ဟုဆို

တပ်မတော်နှင့် AA တို့ ဆွေးနွေးမှုရလဒ်အပေါ်မူတည်၍ ရခိုင်မြို့နယ်ကိုးခုတွင် ရွေးကောက်ပွဲကျင်းပရေး ဆုံးဖြတ်မည်ဟုဆို
by -
ထွန်းခိုင် (နိရဥ္စရာ)
Photo Crd - DVB
Photo Crd - DVB

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ဆွေးနွေးရာမှ ထွက်ပေါ်လာမည့် အချက်အလက်များအပေါ်တွင် မူတည်၍ ရခိုင်ပြည်နယ်မှ မြို့နယ်ကိုးခု ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အစိုးရနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က (UEC) တို့ ဆုံးဖြတ်ကြမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

“တိုက်ပွဲဖြစ်နေတာထက် ဆွေးနွေးနေကြတာ ကောင်းမွန်တဲ့ အလားအလာဖြစ်သလို တပ်မတော်နဲ့ AA တို့ ဆွေးနွေးရာမှ ထွက်ပေါ်လာမယ့် အချက်အလက်များအပေါ်တွင်မူတည်ပြီး ရခိုင်ကကျန်မြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရတို့က ဆုံးဖြတ်ကြမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

အစိုးရနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က (UEC) တို့ မည်သည့်အချိန်တွင် ရွေးကောက်ပွဲကျင်းပရေးကို ဆုံးဖြတ်ကြပါမလဲဟု မေးမြန်းရာ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ဆွေးနွေးရာမှ ထွက်ပေါ်လာမည့် အချက်အလက်များပေါ်တွင်မူတည်ကြောင်း ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“အဓိကတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်ရှိ ဥပဒေတွေနဲ့ကိုက်ညီမူ ရှိ/မရှိ၊ မြေပြင် အခြေအနေဟာ လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်/မဖြစ်နိုင်ဆိုတာဟာ သူတို့ (အစိုးရနဲ့ UEC) တို့က ဆုံးဖြတ်ရမှာပါ။  ကျွန်တော်တို့ကတော့ လက်ရှိဥပဒေတွေနဲ့ကိုက်ညီတယ်၊ မဆန့်ကျင်ဘူးဆိုရင် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပတာကို အမြန်ဆုံးလိုလားပါတယ်၊ သမ္မတကြီး သဝဏ်လွှာမှာလည်း ဒီအတိုင်းဘဲ ဖော်ပြထားပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။ 

တပ်မတော်နှင့် AA အကြား နိုဝင်ဘာ ၂၅ ရက်က အင်တာနက်အွန်လိုင်းက ဆွေးနွေးခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာ ၉ ရက်နေ့က ပန်ဆန်းမြို့တွင် နှစ်ဖက်ထိပ်တန်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

နောက်ထပ်လည်း ပေါ်လစီပိုင်းဆိုင်ရာကိုင်တွယ်ထားသူ ထိပ်တန်းခေါင်းဆောင်များအဆင့် ထပ်မံဆွေးနွေးဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

လုံခြုံရေးအခြေအနေကြောင့် ရခိုင်ပြည်နယ်မှ မြို့နယ် ကိုးခုဖြစ်သည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ မြေပုံမြို့နယ်တို့တွင် ရွေးကောက်ပွဲ လုံးဝမကျင်းပနိုင်ခဲ့သလို တောင်ကုတ်မြို့နယ်နှင့် အမ်းမြို့နယ်တို့တွင် ပြည်နယ်လွှတ်တော်နေရာအတွက် ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ရွေးကောက်ပွဲမကျင်းခဲ့ရသည့် ရခိုင်ပြည်နယ်ကိုးခုတွင် ရွေးကောက်ပွဲများကျင်းပနိုင်ရန် အဖွဲ့အစည်း အသီးသီးက ကူညီပေးရန် ၄၆ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့တွင်ပေးပို့သော နိုင်ငံတော်သမ္မတ၏သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သဝဏ်လွှာတွင်လည်း ရွေးကောက်ပွဲမလုပ်နိုင်ခဲ့သည့် ရခိုင်ပြည်နယ် မြို့နယ် ၉ ခုတွင် ရွေးကောက်ပွဲများပြုလုပ်လျှင် လုံခြုံရေးတာဝန်ယူပေးနိုင်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုအမ်းသားကြီးက စစ်ပွဲများဖြစ်ပွားခဲ့ခြင်းမရှိသော မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်းမရှိခြင်းမှာ တရားမျှတမှုမရှိဟုဆိုသည်။

“နိုင်ငံသားတစ်ယောက်အနေနဲ့ပြောချင်တာက ရွေးကောက်ပွဲကျင်းပတာက ကောင်းပါတယ်။ ရွေးကောက်ပွဲကျင်းပလို့ရတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ မကျင်းပခဲ့တာဟာ အစိုးရက နိုင်ငံသားတွေရဲ့အခွင့်အရေးကို မျက်ကွယ်ပြုသွားတယ်လို့ ခံစားရတယ်။ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မြို့နယ်တွေမှာ ပြည်သူတွေရဲ့အသံကို ကိုယ်စားပြုပေးမယ့် ကိုယ်စားလှယ်ေလာင်းတချို့ ဖြစ်မလာခဲ့ပါဘူး။ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အတွက်လည်း အေအေနဲ့ တပ်မတော်တို့တိုက်ပွဲတွေ ရပ်တန့်နေဖို့တော့ လိုပါလိမ့်မယ်” ဟု ၎င်းကပြောသည်။

ရခိုင်ဒေသခံပြည်သူများအနေဖြင့်လည်း ရွေးကောက်ပွဲကျင်းပရန် လိုလားလျက်ရှိကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...