“နေရာ”ကြောင့် မိတ်ဆွေတွေအကြားမှာ “ဝေဒနာ” မဖြစ်ပါစေနဲ့

“နေရာ”ကြောင့် မိတ်ဆွေတွေအကြားမှာ “ဝေဒနာ” မဖြစ်ပါစေနဲ့

မောင်ကျော်စွာ — “တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ပါတီထံသို့ လိပ်မူ၍ (၁၂-၁၁-၂၀၂၀)ရက်စွဲဖြင့် “နောင်အနာဂတ် မြန်မာနိုင်ငံ အတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ”ဟူသော အကြောင်းအရာဖော်ပြချက်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အချက် (၃)ချက်ပါရှိသော အသိပေး အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရှိပါ တယ်။

ယင်းအသိပေး အကြောင်းကြားစာထဲမှ အောက်တွင် ကောက်နုတ်ဖော်ပြထားတဲ့ တတိယအချက်ကတော့ ဒီချုပ်ပါတီက အဓိကပေးလိုတဲ့ သတင်းစကားဖြစ်မယ်လို့ ယူဆပါတယ်။

-    တိုင်းရင်းသားပါတီများရဲ့ ရည်မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များနှင့် တူညီကြသည်ဖြစ်ရာ အဖွဲ့ချုပ်အ နေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါသည်။  တိုင်းရင်းသားပါတီများအနေဖြင့်လည်း အဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်”

ထိုကြေညာချက်ဟာ ၂၀၂၀ ရွေးကောက်ပွဲကျင်းပပြီးနောက် ရလဒ်များ သဲကွဲကြည်လင်တိကျစွာ သိရှိရပြီး နောက် ဒီချုပ်ပါတီက အသေအချာ လှမ်းလိုက်သော ခြေလှမ်း (ဝါ) ကမ်းလှမ်းချက်လို့ပဲ မြင်ပါတယ်။ သို့သော် စာမှာ အလွန်ယေဘုယျကျလွန်းခြင်း၊ စတင်ဖော်ပြစဉ်က အချို့ပါတီအမည်များ ကျန်ခဲ့ခြင်းကြောင့် ထောက်ပြဝေဖန်စရာ ဖြစ် ခဲ့တာကို သတိပြုမိပါတယ်။ ဒီလိုကမ်းလှမ်းချက် ပေးတဲ့ပုံစံနဲ့ လုပ်နည်းလုပ်ဟန်က ပိုပြီး တိကျဖို့နဲ့ တဖက်ပါတီအဖွဲ့ အစည်းများကို တန်းတူလေးစားမှု ဖော်ပြနိုင်ဖို့ အမှန်ပဲ လိုအပ်ပါတယ်။

ယင်းသို့ အကြောင်းကြားစာပေးပို့ပြီး တစ်လအကြာ (၁၂-၁၂-၂၀၂၀)ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ် ပြန်လည်ကျင်းပသည့် ဒီချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးနဲ့ သက်ဆိုင်သော အချက်အ လက်တစ်ချို့ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (ယခင်ပြောရေးဆိုခွင့်ရှိသူ) ဒေါက်တာမျိုးညွှန့်နဲ့ မီဒီယာများ အမေး/ အဖြေ ပြုလုပ်ကြရာမှ သိရှိလာရပြန်ပါတယ်။

အကြမ်းဖျင်းအားဖြင့် အချက် ၉ချက် ပါရှိလာတာကို တွေ့ရပါတယ်။ ထိုအချက် ၉ချက်မှတဆင့် ဒီချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ ဆွေးနွေးတဲ့ အကြောင်းအရာအချို့ကို ခန့်မှန်းနိုင်သလို အခြေခံသဘောထား တချို့ကိုလည်း ယခင်ကထက် ရှင်းလင်းစွာ သိရှိလာရပါတယ်။

ထို့အပြင် လွန်ခဲ့သော တစ်လခန့်အကြာ (၁၂-၁၁-၂၀၂၀)ရက်စွဲဖြင့် တိုင်းရင်းသားပါတီများထံ ပေးပို့ခဲ့သော အကြောင်းကြားကမ်းလှမ်းစာနဲ့ ပတ်သက်ပြီး အောက်ပါအချက် ၂ချက်ကို ပိုပြီး တိကျရှင်းလင်းစွာ သိရှိလာရပါတယ်။

-    တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်ဆွေးနွေးရန် “ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော် ဆန်တို့ ပါဝင်သည့် ၃ဦးကော်မတီ” ဖွဲ့စည်းထားခြင်း

-    တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ သဘောထားကို အရင်နားထောင်မည်ဖြစ်ပြီး ညှိနှိုင်း၍ရသည့်နေရာများတွင် ညှိနှိုင်း ပြီး ဘုံသဘောထား ရရှိအောင်လုပ်၍ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် အတည်ပြုပေးမည်

ဒီချုပ်ပါတီရဲ့ အကြောင်းကြားစာမှာပါရှိတဲ့ “တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ပါတီ”ဟာ အနေအထားခြင်း မတူ ညီကြပါ။

အများမြင်သာနိုင်တဲ့ ပထမဆုံးအချက်က ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ သက်ဆိုင်ရာပါတီအ လိုက် ရရှိထားတဲ့ “မဲအရေအတွက်ကိစ္စ” ဖြစ်ပါတယ်။ လက်တွေ့မှာဒီအချက်ကိုကိုင်ပြီး အဓိကစကားပြောကြရမှာ မဟုတ်ပါလား။ ထိုသို့စကားပြောရာမှာ အောက်ဖော်ပြပါ ပါတီ ၆ခုက ကျန်ပါတီတွေထက် သက်ဆိုင်ရာလွှတ်တော် တွေထဲမှာ စကားပြောတဲ့အခါ တစ်စုံတစ်ရာ သာလွန်မှုရှိမယ်ဆိုတာ ငြင်းလို့မရတဲ့ အချက်ပါ။

-    ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် - ၄၂

-    ရခိုင်အမျိုးသားပါတီ  - ၁၅

-    တအာင်း(ပလောင်) အမျိုးသားပါတီ - ၁၂

-    မွန်ညီညွတ်ရေးပါတီ - ၁၂

-    ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် - ၁၁

-    ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ - ၈

ဒီ ၆ပါတီရဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာ ရရှိထားတဲ့ စုစုပေါင်း အမတ်ဦးရေက (၄၂)နေ ရာ ရှိပါတယ်။

ပြီးတော့ ၂၀၂၀ ပြည့်ရွေးကောက်ပွဲမှာ အမတ်နေရာ ၁နေရာကနေ ၄၂နေရာအထိ အနိုင်ရရှိထားတဲ့ တိုင်းရင်း သား လူမျိုးစုနိုင်ငံရေးပါတီက ၁၇ပါတီပဲရှိတာပါ။ ဒီတော့ ၄၈ပါတီထဲကနေ ၁၇ပါတီနုတ်လိုက်ရင် ၃၁ပါတီက ရွေး ကောက်ပွဲမှာ တစ်နေရာမှ အနိုင်မရခဲ့တဲ့ပါတီတွေ ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ အဲဒီတိုင်းရင်းသားပါတီတွေထဲမှာ စစ်တပ်၊ ကြံ့ခိုင်ရေးပါတီ၊ တစညပါတီနဲ့ အခြားစစ် ဗိုလ်ဟောင်းတွေထောင်ထားတဲ့ ပါတီတွေနဲ့ နီးစပ်မှု အတိုင်းအတာပါပဲ။

တတိယအချက်က ဒီချုပ်ပါတီရဲ့ ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော် စုစုပေါင်းရလဒ် (၃၉၆)ကဖြစ်စေ ကျန်တိုင်းရင်းသားပါတီတွေရဲ့ တစ်ပါတီချင်းရလဒ် သို့မဟုတ် စုပေါင်းရလဒ်ကဖြစ်စေ “လွှတ်တော်တွင်းနည်းလမ်းနဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး”ကို ဘယ်ပါတီကမှ ကြီးမားထိရောက်တဲ့ သက်ရောက်မှုမျိုး မရှိနိုင်ဘူးဆိုတဲ့အချက် ပါ။

စတုတ္တအချက်က သက်ဆိုင်ရာပြည်နယ်တွေမှာ အထက်မှာတင်ပြခဲ့တဲ့ တိုင်းရင်းသား ၆ပါတီရဲ့ ရလဒ်ပါပဲ။ ရှမ်းပြည်နယ်မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ၂၇နေရာနဲ့ အများဆုံးရရှိထားပြီး တအာင်း(ပလောင်) အမျိုး သားပါတီနဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ၇နေရာစီ ရရှိထားပါတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားပါတီက ၇နေရာ၊ မွန်ပြည်နယ်မှာ မွန်အမျိုးသားညီညွတ်ရေးပါတီက ၆နေရာ ရထားပါတယ်။

အဲဒီလို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်တွေရဲ့ အမတ်နေရာရရှိမှုက “ပုဒ်မ ၂၆၁”နဲ့ ပတ်သက်လာရင် (မုချ လည်း ပတ်သက်လာရမှာပါ) “အင်မတန် အသံကျယ်လာမယ့်” ကိစ္စတွေဖြစ်ပါတယ်။ ထို့အပြင် ဒီချုပ်ပါတီ ဗဟိုအလုပ် အမှုဆောင် အစည်းအဝေးကနေ သိရတဲ့အချက်အလက် “ပုဒ်မ ၂၆၁နှင့်ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော်သား ၂၅ရာခိုင်နှုန်း ပါဝင်နေချိန်တွင် ပြင်ဆင်ပေးမည်မဟုတ်ကြောင်း” ဆိုတာကလည်း သက်ဆိုင်ရာ ပြည် နယ်အစိုးရနဲ့ ဝန်ကြီးချုပ် ဖွဲ့စည်းရေးနဲ့ ခန့်အပ်ရေးကိစ္စတွေမှာ အသံကျယ်လောင်လာမယ့် အချက်ပြမှုတွေပါပဲ။ အတိ အကျ ဘယ်လိုဖြစ်လာမယ်တော့ အချက်အလက်မရှိသေးလို့ မပြောနိုင်သေးပါဘူး။

ဒီလို အချက်အလက်တွေနဲ့ တစ်စိတ်တစ်ပိုင်းကိစ္စတွေမှာသာ အားလုံးက အသဲအသန် ဗဟိုပြုနေကြပြီး တစ်ခု လုံးကိစ္စကြီးတွေဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကို လက်တွေ့လည်းကျပြီး တကယ်ပြင်ဆင်နိုင်တဲ့နည်းလမ်းကို စုပေါင်း ကြိုးပမ်းလုပ်ဆောင်ကြရေး - ပြည်တွင်းစစ်ချက်ချင်းရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောင်ရေး - စစ်မှန်ပြီး တန်းတူတဲ့ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေး စတဲ့ အဓိကအချက်ကြီးတွေ မျက်ခြည်ပြတ်သွားမှာပဲ စိုးရိမ်မိတာပါ။ ပြီးတော့ တိုင်းပြည်နဲ့လူထုက ၂၀၂၀ပြည့် အထွေထွေရွေးကောက်ပွဲမှာ ပါတီအသီးသီးကို မဲပေးခဲ့ကြတယ်ဆိုတာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး - ပြည်တွင်းစစ်ရပ်စဲရေး - ဖက်ဒရယ်ပြည်ထောင်စုတည်ဆောင်ရေးမှာ အတားအဆီးလုပ်ပြီး ကန့်လန့်တိုက်နေတဲ့ စစ်အုပ်စုနဲ့ ညှိနှိုင်းဖို့သက်သက်အတွက်တင် မကပါဘူး။ လိုအပ်သလို အကြပ်ကိုင်ဖိအားပေးဖို့ လည်း အပါအဝင်ဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ဖီလာပြုနေသူ ပြည်သူ့ဆန္ဒကို ဖျက်လိုဖျက်ဆီးလုပ်နေသူတွေ ကို မှတ်လောက်သားလောက်အောင် ဖိအားပေး အကြပ်ကိုင်ပစ်ဖို့ မုချလိုအပ်ပါတယ်။

ဒါကြောင့် ရည်မှန်းချက်တူညီကြတဲ့ ပါတီတွေအချင်းချင်း “နေရာ”ကြောင့် ဝေးကွာပြီး အချင်းချင်း အပြန်အ လှန်ထိုးနှက်ကြကာ စစ်မှန်တဲ့ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေးကို မလိုလား၊ မရှုစိမ့်သူတွေ ကျေနပ်အားရ ဝမ်းသာအောင်တော့ မပြုမူသင့်ကြပါဘူး။

အဲဒီလို မဆင်မခြင် ပြုမူကြမယ်ဆိုရင်တော့ မဲဆန္ဒရှင်ပြည်သူတွေကို အားလုံးက စော်ကားတာပါပဲ။ ဒါကြောင့် တန်းတူရည်တူ နားလည်မှုရှိရှိ၊ အပေးအယူရှိရှိ ညှိနှိုင်းပြီး ရေရှည်အတူ လက်တွဲလုပ်နိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Most read this week

July 3, 2024
စစ်ကောင်စီတပ်က ယခုလတ်တလော စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းထားသည့် စစ်သင်တန်းအပတ်စဉ် (၁)...
July 3, 2024
မြန်မာတစ်နိုင်ငံလုံးရှိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ အနေဖြင့်...
July 2, 2024
နိုင်ငံကာမြန်မာသတင်း-BNI နှင့် အဖွဲ့ဝင်သတင်းမီဒီယာဌာနများက Development Media Group-DMG ၏...
July 1, 2024
အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်ပြည်နယ် ယူတီကာမြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့ညက ဒုက္ခသည်စခန်းမှတဆင့်...