ကြားဖြတ်ရွေးကောက်ပွဲများတွင် အောင်နိုင်ရေး ကချင်အခြေစိုက်တိုင်းရင်းသားပါတီ ခေါင်းဆောင်များ၏ အသံများ

ကြားဖြတ်ရွေးကောက်ပွဲများတွင် အောင်နိုင်ရေး ကချင်အခြေစိုက်တိုင်းရင်းသားပါတီ ခေါင်းဆောင်များ၏ အသံများ
by -
Salai (MNJ)

ကချင်ပြည်နယ်တွင် မဲဆန္ဒနယ် ၇၀ ရှိပြီး ယင်းမဲဆန္ဒနယ်များတွင် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများအပါအဝင် ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၈ဝ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၅၁ နေရာအထိ အနိုင်ရရှိခဲ့ကာ ပြည်ခိုင်ဖြိုးပါတီက ၁၀ နေရာ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီက လေးနေရာ၊ ဒီမိုကရေစီပါတီသစ် (ကချင်) က နှစ်နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တစ်နေရာ၊ ဒူးလေးပါတီ တစ်နေရာနှင့် တစ်သီးပုဂ္ဂလက တစ်နေရာ အနိုင်ရရှိခဲ့သည်။

အဆိုပါပြည်နယ်တွင် ဒေသခံတိုင်းရင်းသားနိုင်ငံရေးပါတီများအနေဖြင့် အသာမရခဲ့ပဲ ပါတီကြီးများကသာ လွှမ်းမိုးခဲ့ကြောင်း ရွေးကောက်ပွဲရလဒ်များက သက်သေခံလျက်ရှိသည်။ သို့သော်လည်း ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများအနေဖြင့် လာမည့်အထွေထွေရွေးကောက်ပွဲအတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲများတွင် ထပ်မံ အကဲစမ်းခွင့်ရရှိဦးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကချင်ပြည်နယ်၏ မြို့နယ် ၁၁ ခုမှ ကျေးရွာအုပ်စု ၁၉၂ အုပ်စုတွင် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့မရသဖြင့် ယင်းနေရာများတွင် ရွေးကောက်ပွဲကျင်းပရန် အခြေအနေပေးလာပါက ကြားဖြတ်ရွေးကောက်ပွဲကျင်းပစဉ် ထည့်သွင်းကျင်းပနိုင်ခြင်းနှင့် အနိုင်ရပါတီအနေဖြင့် အစိုးရအဖွဲ့ပြန်လည်ဖွဲ့စည်းလျှင် လစ်လပ်သွားမည့် လွှတ်တော်ကိုယ်စားလှယ်များနေရာ၌ ပြန်လည်ဖြည့်ဆည်းရန် လိုအပ်ခြင်းစသည့် အခြေအနေများကြောင့် ဖြစ်သည်။ထို့ကြောင့်  ကြားဖြတ်ရွေးကောက်ပွဲများတွင် အသာရနိုင်ရေးအတွက် မည်သို့ ပြောင်းလဲမှုများလုပ်ဆောင်သွားမလဲဆိုသည်နှင့်ပတ်သက်၍ ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီခေါင်းဆောင်များ၏ ပြောကြားချက်များကို ဖော်ပြလိုက်ရပါသည်။  

ဦးရွှေမင်း (လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ)

“ကြားဖြတ်ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီနိုင်ငံတိုင်းမှာ ရှိတာဖြစ်တဲ့အတွက် ပြည်သူများရဲ့ နိုင်ငံသားအခွင့်အရေးဖြစ်တဲ့အတွက် လှိုက်လှိုက်လှဲလှဲနဲ့ ဝမ်းပန်းတစ်သာ ကြိုဆိုရမှာဖြစ်တယ်။ မဲမပေးရသေးတဲ့ ဒေသတွေက မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသူ၊ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးရအောင် ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် ဖြစ်သင့်ဖြစ်ထိုက်တာ ဟုတ်တယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ကတော့ အနိုင်ရမယ်လို့ ထင်မြင်ယူဆချက်ရှိတဲ့ ဒေသတွေရှိခဲ့မယ်ဆိုရင်တော့ ဝင်ရောက်ယှဉ်ပြိုင်သွားပါ့မယ်။ ဒါပေမဲ့ ကျွန်တော်ကြည့်ရသလောက် ဒီဒေသတွေမှာတော့ မရှိဘူး။ အထူးသဖြင့် ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ဖို့များပါတယ်။ ရှမ်းပြည်နယ်မှာ ကျွန်တော်တို့ အနိုင်ရရှိဖို့ နည်းတယ်။ ရခိုင်ပြည်နယ်မှာလည်း မရှိသလောက်ပါပဲ။ အဲ့လိုပြည်နယ်တွေမှာတော့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ နည်းပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ဦးတည်ပြီး တော့ ကြိုးပမ်းနေတဲ့ ကာလဖြစ်တဲ့အတွက် ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ အသံဟာ လွှတ်တော်ကို ရောက်ရှိ ဖို့ အရမ်းအရေးကြီးပါတယ်။ အဲ့အတွက်မို့ တိုင်းရင်းသားပါတီများ များစွာအောင်နိုင်ရေးကို အားလုံးအလေးပေးပြီး ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ တင်ပြချင်တယ်။ ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေ အင်အား မကောင်းလာရင်တော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ တိုင်းရင်းသားအခွင့်အရေးတွေ တင်ပြမှု၊ တောင်းဆိုမှုမှာ အားနည်းနေအုံးမယ်လို့ သုံးသပ်ပြောဆိုချင်ပါတယ်” 

ဒေါက်တာမနမ်တူးဂျာ (ကချင်ပြည်နယ်ပြည်သူ့ပါတီ ဥက္ကဌ)

“ကြားဖြတ်ရွေးကောက်ပွဲ ထပ်ပြီး ကျင်းပလာမယ်ဆိုရင်တော့ ကျွန်တော်တို့ ပါတီအနေနဲ့ ပါဝင်ဖို့ ပြင် ဆင်သွားမှာပါ။ အချိန်ရောက်လာရင် လုပ်ဆောင်မှာပါ။ ကျွန်တော်တို့ပါတီက ဖွဲ့စည်းထားတာ ပြည်သူ့လူထုအကျိုး၊ ပြည်နယ်အကျိုးပေါ့။ တစ်ချိန်ထဲမှာ ပြည်ထောင်စုအကျိုး ဒါကြောင့်မို့လို့ ကျွန်တော်တို့ပါတီက ဒီတစ်ခေါက်က ပထမဦးဆုံး ရွေးကောက်ပွဲဝင်တာကိုး။ ပထမအကြိမ် KSPP အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင် တဲ့ရွေးကောက်ပွဲဟာ ကျွန်တော်တို့ပါတီကို အဆုံးအဖြတ်ပေးတဲ့ လုပ်ရပ်ကိုး။ အဲ့အရာတွေကို သင်ခန်းစာယူရမယ်။ သင်ခန်းစာယူပြီး နောက် ဒါတွေကို ဒီ့ထက်မက အောင်မြင်အောင် ဆက်လက်ကြိုးစားသွားမယ်။ ကျွန် တော်တို့ အားနည်းချက်တွေကိုလည်း ပြင်ဆင်မယ်။ ပြုပြင်စရာရှိတာ ပြုပြင်မယ်။ သင်ခန်းစာယူစရာရှိတာယူပြီး ဆက်လက်လုပ်ဆောင်သွားဖို့ သန္ဓိဌာန်ချထားပါတယ်။ အစီအစဉ်ရေးဆွဲဖို့ လုပ်ဆောင်သွားမှာပါ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တစ်အချက်ကတော့ ကျွန်တော်တို့ပါတီက ရွေးကောက်ပွဲအတွက် ပြင်ဆင်တာ အချိန်တိုအတွင်း ဖြစ်တယ်။ အဲ့မှာမှ ကိုရိုနာဗိုင်းရပ်စ်ကလည်း ပြန်ပေါ်လာတော့ ကျွန်တော်တို့က နေရာအနှံ့သွားပြီး ပြည်သူ တွေကို ပါတီအကြောင်းရှင်းပြတာ အားနည်းတယ်။ အားလုံး နားလည်လက်ခံလာအောင် စည်းရုံးကွင်းဆင်းတာ တော်တော်လေး အားပျော့ခဲ့တယ်။ နောက်တစ်ချက်က ပြည်မပါတီတွေက မလျော်မကန် အပုတ်ချတာ တွေကလည်း ပါတီအတွက် ထိခိုက်နစ်နာစေတာပေါ့။ ရွေးကောက်ပွဲကလည်း အချိန်ကပ်သွားတော့ ပြန်ဖြေရှင်း တာ အားပျော့သွားတယ်။ နောက်တစ်ခုက အချို့သော ဒေသတွေမှာ ရွှေ့ပြောင်းလုပ်သားတွေ၊ တပ်က နေရာယူ လာတွေရှိတော့ ဒေသခံမဲဆန္ဒရှင်ထက် ပိုများသွားတာမျိုးတွေရှိတော့ ကျွန်တော်တို့အတွက် နစ်နာသွားတဲ့အ ပိုင်းတွေ ရှိတယ်။ ဒီတစ်ခေါက်က မမျှော်လင့်ဘဲ ခံလိုက်ရတဲ့အပိုင်းတွေရှိတယ်။ အဲ့တာတွေကို မှတ်သားထားပြီး နောက်တစ်ခါကျရင် ဒီလိုမဖြစ်အောင် လုပ်မယ်။ အဲ့လိုဆိုရင်တော့ နောက်ရွေးကောက်ပွဲအတွက် အများကြီး အားသာနိုင်ပါတယ်”

ဦးတိန့်ဆောင် (ဒီမိုကရေစီပါတီသစ် (ကချင်) ဥက္ကဌ)

“ကြားဖြတ်ရွေးကောက်ပွဲရှိရင်တော့ ပြန်ပြင်ဆင်ပြီး ပြိုင်မယ်လေ။ ကျွန်တော်တို့ဝင်ပြိုင်တဲ့ ဒေသမှာတော့ ကျွန် တော်တို့ ဒေသအကျိုးပြုကိစ္စပဲ၊ နောက်ပြီး ဒေသခံပြည်သူတွေကို နိုင်ငံရေးနဲ့ ပတ်သက်တာကို လေးလေး နက်နက် ကွဲကွဲပြားပြား နားလည်အောင် ထပ်ရှင်းပြပြီးမှ ဒေသပါတီငယ်သော်ငြားလည်း အစိုးရဖွဲ့နိုင်တဲ့ ပါတီမ ဟုတ်သော်ငြားလည်း ဒေသအကျိုးပြုနိုင်တဲ့ ကိုယ်စားပြုနိုင်တဲ့ ပါတီဖြစ်ကြောင်း ထပ်ပြီးတော့ ရှင်းပြရမယ်။ ပြည်သူလူထု များသောအားဖြင့်က လွန်ခဲ့တဲ့ကာလတွေမှာ ကျွေးနိုင်ပြုနိုင်တဲ့သူတွေကို နည်းနည်းအာသီသ ရှိတဲ့သဘောတွေ့နေရတယ်။ နိုင်ငံရေးခံယူချက် ဒီလောက် နားမလည်တာတွေ ဖြစ်တယ်။ ပါတီကြီးတွေကနေမှ ဘာပဲလုပ်လုပ် အဓိကကျတယ်ဆိုတဲ့ ခံယူချက်ကလည်း ရှိတယ်။ ဒေသပါတီ ပြည်နယ်ပါတီတွေကလည်း အရေးကြီးကြောင်း သူတို့ကို ထပ်ပြီးတော့ ရှင်းပြရမှာပေါ့။ နောက်လာမယ့် ရွေးကောက်ပွဲမှာ ဆိုရင်တော့ ကျွန်တော်တို့ ပြိုင်မယ့် ဒေသတွေမှာ ကျွန်တေ်ာတို့ မဲစာရင်းကို မဲထည့်နိုင်တဲ့ လူဦးရေ ဘယ်နှစ်ယောက်ရှိတယ် ဆိုတာတွေကိုတော့ တိတိကျကျဖြစ်စေချင်တယ်။ ခိုင်လုံတဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေချင်တယ်။ လက်ရှိမဲစာရင်းသာ ကြေညာသွားတယ်။ မြို့နယ်တိုင်းမှာ လူဦးရေ ဘယ်လောက်ရှိတယ်။ ဘယ်လောက်ထည့်နိုင်တယ်။ လာထည့်သွားတာ ဘယ်လောက်ရှိတယ်ဆိုတာ မထုတ်ပြန်ဘူး။ အဲ့ဒီအခန်းကဏ္ဍတွေကို ထုတ်ပြန်တာရှိနိုင်အောင် ကော်မရှင်နဲ့ဆက်စပ်ပြီး ဆောင်ရွက်သွားဖို့ပါပဲ”

ဦးဌေးအောင် (တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ)

“ကိုယ့်ဒေသတွင်းမှာရှိလာရင်တော့ ပြန်ယှဉ်ပြိုင်ဖို့တော့ ပြင်ရမှာပေါ့။ ပြင်ဆင်မှုကတော့ အတွင်းမှာပဲ အစည်းအဝေးခေါ်ပြီး လုပ်ရမှာပေါ့။ အခုလောလောဆယ် အခြေအနေကကျတော့ အားနည်းချက်၊ အားသာချက်ကို တွေ့ထားပြီးပြီဆိုတော့ အားနည်းချက်ကို ထပ်ဖြည့်ပြီး အားသာချက်ကို ဆက်ထိန်းရင်း လုပ်သွားမယ်လေ။ လူထုလိုလားချက်က ဘာတွေဆိုတာလည်း သိပြီဆိုတော့ အကောင်းဆုံးဖြစ်အောင်တော့ ပြင်ဆင်သွားပါ့မယ်။ လူထုယုံကြည်မှု၊ လိုလားမှုက ဘာလဲဆိုတာ ကျွန်တော်တို့ သုံးသပ်ထားတာတော့ ရှိပါတယ်။ ကျွန်တော်တို့က ၈၈ တုန်းကလည်း တစ်ပါတီအာဏာရှင်စနစ်ကို မလိုချင်လို့ တိုက်ကြတယ်။ အခုလည်း ပြည်သူတွေက တစ်ပါတီကိုပဲ ရွေးသွားကြမယ်ဆိုရင် နောင်အချိန် တိုင်းပြည်ပြောင်းလဲရေးအတွက် မကောင်းဘူးပေါ့ဗျာ။ တိုင်းပြည်က လိုလားနေတာက ဖက်ဒရယ်စနစ်ကို တောင်းဆိုနေကြတယ်။ တိုင်းရင်းသားအားလုံး ပါဝင်မှာလေ။ အဲ့တော့ ဒေသအသီးသီးက နိုင်လာကြမယ်။ ဆွေးနွေးညှိနှိုင်းကြမယ်ဆိုရင် စစ်မှန်တဲ့ ဖက်ဒရယ်ကို ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ကြောင့် နောင်လာမယ့် ရွေးကောက်ပွဲတွေမှာဆိုရင် တိုင်းရင်းသားပါတီ စစ်စစ်တွေကို ပြည်သူက ရွေးချယ်မဲပေးနိုင်ကြဖို့ မျှော်လင့်ပါတယ်”

Most read this week

June 14, 2021
စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက် ရခိုင်ပြည်နယ်တွင် မြို့နယ်တစ်ချို့တွင် အာဏာရှင် ဆန့်...
January 28, 2021
တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင်...
January 28, 2021
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်းခဲ့ပြီး အဆိုပါမဲစာရင်းများကို တပ်မတော်က...
January 27, 2021
တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၁...