ရွေးကော်ကန့်ကွက်ပွဲများ မွန်ပြည်နယ်ရှိမြို့နယ်အားလုံးတွင်ပြုလုပ်မည်ဟု ပြည်ခိုင်ဖြိုးပါတီပြော

ရွေးကော်ကန့်ကွက်ပွဲများ မွန်ပြည်နယ်ရှိမြို့နယ်အားလုံးတွင်ပြုလုပ်မည်ဟု ပြည်ခိုင်ဖြိုးပါတီပြော

ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲများကို မွန်ပြည်နယ်ရှိမြို့နယ် ၁၀ ခုလုံးတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးခွဲမှ သိရသည်။

 

အဆိုပါဆန္ဒထုတ်ဖော်ပွဲများကို ၂၀၂၁ နှစ်သစ်မကူးမီ ယခုလအတွင်း ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံးခွဲ အတွင်းရေးမှူး ဦးဝင်းမော်ဦးက ဒီဇင်ဘာ ၁၆ တွင်ပြောသည်။

 

"ရွေးကောက်ပွဲရဲ့ နိုင်ခြင်း၊ ရှုံးခြင်းဟာ ပြည်သူတွေရဲ့ အဆုံးအဖြတ်မှန်မယ်ဆိုရင် ပါတီအနေနဲ့က လက်မခံနိုင်စရာအကြောင်းမရှိဘူး။ သို့သော် ရွေးကောက်ပွဲကျင်းပတဲ့နေရာမှာ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ တကယ် မှန်မှန်ကန်ကန်လုပ်ခဲ့ခြင်း ရှိမရှိ၊ ဘက်လိုက်မှုတွေ ရှိမရှိ၊ အဂတိတရား ကင်းရှင်းခြင်း ရှိမရှိ၊ မဲမသမာမှုတွေ ရှိခဲ့လား၊ မရှိခဲ့လား၊ အဲဒီလို ရှိခဲ့တဲ့ အနေအထားတွေ ပေါ်နေတဲ့အတွက် ဒီဟာတွေ စစ်ဆေးပေးပါ။ စစ်ဆေးလို့မှ မှန်ပါတယ်ဆိုရင် တို့အနေနဲ့ ဘာမှအငြင်းပွားစရာအကြောင်းမရှိဘူး။ ဒါကို အဓိကပြောချင်တာပါ" ဟု ဦးဝင်းမော်ဦးက ပြောသည်။

 

မွန်ပြည်နယ်အတွင်း ပထမဆုံး ဆန္ဒဖော်ထုတ်မှုအနေဖြင့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ဝန်းရံသူ ၃၀ ဦးခန့်က သံဖြူဇရပ်မြို့နယ်တွင် ဒီဇင်ဘာ ၁၅ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး   ကျန်မြို့နယ်များတွင်လည်း အလားတူ ပြုလုပ် ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကာ ငြိမ်းစုစီ ဥပဒေနှင့်အညီဖြစ်စေရန် ခွင့်ပြုချက် လျှောက်ထားရယူနေကြောင်း မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

“ပါတီကို ဝန်းရံ ထောက်ခံသူတွေက တောင်းဆိုတယ်။ တောင်းဆိုတဲ့ အကြောင်းရင်းကလည်း မဲပေးတဲ့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ ချို့ယွင်းချက်၊ အားနည်းချက်တွေ အများကြီး တွေ့တယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပြီး စစ်ဆေးပေးဖို့ ပါတီတွေ စုဖွဲ့ပြီးတော့ ကော်မရှင်ကို တင်ပြတယ်။ ပြီးရင်လည်း နိုင်ငံတော်သမ္မတဆီကိုလည်း တင်ပြတယ်။ သို့သော် ယနေ့အထိ တစုံတရာ ထိထိရောက်ရောက် ဆောင်ရွက်ပေးခြင်း၊ အကြောင်းပြန်ခြင်းမရှိဘူး။ အဲဒီတော့ ဥပဒေဘောင်ထဲကနေ တရားဝင် တောင်းဆိုတဲ့ မဲစာရင်းတွေကအစ၊ မဲပေးတဲ့ဟာတွေ စာရင်းဇယားတွေနဲ့ပတ်သက်ပြီးတော့ လိုအပ်တဲ့အထောက်အထားတွေ တရားဝင် ကူးယူခွင့်ကိုလည်း ဥပဒေနဲ့အညီတောင်းတယ်။ ဒါတွေလည်း ကူးယူခွင့်မရှိဘူးဆိုပြီးတော့ ပိတ်ပင်ထားတယ်။ ဒီအချက်တွေက ဥပဒေနဲ့အညီ တောင်းဆိုတဲ့ အချက်တွေကို ရရှိနိုင်ခြင်းမရှိတဲ့အတွက် ဆန္ဒဖော်ထုတ်ခြင်းဖြစ်တယ်" ဟု ၎င်းကပြောသည်။

 

နိုဝင်ဘာ ၈ တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ တိုင်းရင်းသားရေးရာအပါအဝင် မဲဆန္ဒနယ် ၄၅ ခုရှိပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ၃၄ နေရာ၊ မွန်ညီညွတ်ရေးပါတီ (MUP) က ၁၁ နေရာအနိုင်ရရှိခဲ့ကာ ပြည်ခိုင်ဖြိုးပါတီက နေရာပြည့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း မဲရလဒ်အပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...