ချင်းအမျိူးသမီးများအား ခွဲခြားဆက်ဆံမှုနှင့် နစ်နာမှုရှိစေသည်ဆိုသော ချင်းဝိသေသတိုင်းအက်ဥပဒေ (Chin Act) ကို လွှတ်တော်တွင်း ပြင်ဆင်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ထန်လတန်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) တွင် အနိုင်ရရှိထားသည့် ဒေါ်နီရွှေလျန်က ပြောသည်။
“ဘာပဲပြောပြော ကျွန်မတို့အနေနဲ့ အဲဒီဥပဒေကို ပြင်ကိုပြင်သင့်တယ်။ ဒါပေမဲ့ ကျွန်မအနေနဲ့တော့ ဥပဒေပညာရှင်လည်း မဟုတ်ဘူးဆိုတော့ ဘယ်နည်းဘယ်ပုံစံနဲ့ ပြင်ရမယ်ဆိုတာတော့ အတိအကျမပြောနိုင်သေးဘူး။ ဒါပေမဲ့ ခေါင်းထဲမှာတော့ ဒါဟာအမျိုးသမီးတွေအတွက် တကယ့်ကိုနစ်နာစေတဲ့ ဥပဒေကြီးဖြစ်တယ်။ ခေါင်းထဲမှာတော့ရှိနေတယ်။ ဒါပေမဲ့ ဘယ်ပုံဘယ်နည်းနဲ့ဝင်ပြီး လုပ်ပေးမယ်ဆိုတာကတော့ ဥပဒေပညာရှင်တွေနဲ့ ပူးပေါင်းပြီးမှ ဆက်လုပ်ရမယ့်အပိုင်းဖြစ်တယ်။ လုပ်ချင်တဲ့စိတ်ဆန္ဒကတော့ အပြည့်ဘဲ” ဟု ဒေါ်နီရွှေလျန်က ပြောသည်။
ဒေါ်နီရွှေလျန်သည် ဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီမှဖြစ်ပြီး လက်ရှိတွင် ထန်တလန်မြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့်အပြင် ယခုနှစ်ရွေးကောက်ပွဲတွင် ချင်းပြည်နယ်လွှတ်တော်၌ အနိုင်ရရှိခဲ့ခြင်းကြောင့် ၎င်းလွှတ်တော်၏ ပထမဦးဆုံး အမျိူးသမီးကိုယ်စားလှယ် ဖြစ်လာမည်ဖြစ်သည်။
ချင်းပြည်နယ်၏ လွှတ်တော်သက်တမ်းနှစ်ခုစလုံးတွင် ချင်းအမျိူးသမီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်မျှပါဝင်နိုင်ခြင်းမရှိဘဲ ယခုနှစ်ရွေးကောက်ပွဲမှသာ ပြည်နယ်လွှတ်တော်တွင် အမျိူးသမီးတစ်ဦး ပါလာဝင်လာသဖြင့် ချင်းအက်ပြင်ဆင်ရေးပိုင်းတွင်လည်း အထောက်အကူဖြစ်လာမည်ဟု ယုံကြည်ကြောင်း Ninu ခေါ် ချင်းအမျိူးသမီးအဖွဲ့ဒါရိုက်တာ Mai Len Nei Cer က ပြောသည်။
“ချင်းပြည်နယ်လွှတ်တော်မှာ အမျိုးသမီးပါလာတာကောင်းတယ်။ ဝမ်းလည်းသာတယ်။ ဒါပေမယ့် အမတ် ၂၆ ယောက်လောက်မှာ အမျိုးသမီးတစ်ယောက်တည်းဖြစ်မှာဆိုတော့ သူ့ရဲ့အသံက ဘယ်လောက်ထိထွက်နိုင်မလဲ။ သိပ်တော့ မျှော်လင့်လို့မရဘူး။ ဒါပေမယ့် အရင်က တစ်ယောက်မှမရှိခဲ့ဘူးဆိုတော့ အခုလိုမျိုး ပါဝင်လာနိုင်တာတော့ အရမ်းကောင်းတယ်လို့မြင်တယ်။ ကျွန်မတို့အနေနဲ့က ချင်းပြည်နယ်လွှတ်တော်မှာ ချင်းအက်နဲ့ပတ်သက်တဲ့ဟာတွေကို တောင်းဆိုနေတယ်။ ချင်းအက်ကိုပြင်ပြီးတော့ အမျိုးသမီးတွေက အမျိုးသားတွေနဲ့တန်းတူ အမွေဆက်ခံခွင့်ရနိုင်ဖို့ ကျွန်မတို့အဖွဲ့အနေနဲ့ ဖြစ်စေချင်တယ်” ဟု Mai Len Nei Cer က ပြောသည်။
ကိုလိုနီလက်အောက်မှ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ချင်းတောင်တန်းအတွက် အသုံးပြုရန် ၁၉၄၈ အောက်တိုဘာ ၂၂ ရက်တွင် ချင်းဝိသေသတိုင်းအက်ဥပဒေကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး ၁၉၅၇ ခုနှစ် အောက်တိုဘာ ၁၆ ရက်တွင် ချင်းဝိသေသတိုင်း (ပြင်ဆင်ချက်) အက်ဥပဒေကို ထပ်မံထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ချင်းဝိသေသတိုင်း (ပြင်ဆင်ချက်) အက်ဥပဒေပါ ပုဒ်မ -၁၅ (က) တွင် အမွေဆက်ခံခြင်းနှင့်ပတ်သက်၍ အမျိူးသမီးများအား အမွေဆက်ခံပိုင်ခွင့် ပေးမထားကြောင်း သိရသည်။
ထိုကဲ့သို့ ဓလေ့ထုံးတမ်းများအရ အမျိူးသမီးများအား ခွဲခြားမှုရှိနေသည့် ဥပဒေကို ပြန်လည်ပြင်ဆင်ပေးရန် Ninu ချင်းအမျိူးသမီးအဖွဲ့အနေဖြင့် တောင်းဆိုလျက်ရှိပြီး ချင်းအက်ဥပဒေကြောင့် အမျိူးသမီးများ နစ်နာခဲ့ရသည့်ဖြစ်ရပ်များ ဖော်ပြထားသည့် “အိမ်ရှင်ဖြစ်ခွင့်မရှိသည့် ဧည့်သည်များ” ဆိုသည့် စာအုပ်ကိုလည်း ထုတ်ဝေခဲ့သည်။
ယင်းစာအုပ်တွင် ချင်းအသိုင်းအဝိုင်းတွင်း ပက်ထရီအာခီ (Patriarchy) စနစ်ဟုခေါ်သော သားတွေကသာ ဖခင်၏ မျိုးရိုး (သို့မဟုတ်) ဆွေမျိုးစုကို ဆက်ခံနိုင်ပြီး ဆုံးဖြတ်ချက်ချသည့်နေရာတွင် အမျိုးသမီးများအား ပါဝင်ခွင့်မပေးထားသည့်အပြင် အမွေဆက်ခံခြင်း၊ လက်ထပ်ထိမ်းမြှားခြင်းနှင့် ကွာရှင်းပြတ်ဆဲခြင်းနှင့် အခြားသော နယ်ပယ်အသီးသီးတွင် အမျိုးသမီးများကို ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသည့်နေရာ၌ ပါဝင်ခွင့်မပေးထားကြောင်း ဖော်ပြထားခြင်းဖြစ်သည်။