လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် ပလက်ဝမှ လွှတ်ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းရန် အခက်အခဲဖြစ်

လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် ပလက်ဝမှ လွှတ်ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းရန် အခက်အခဲဖြစ်

ချင်းပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းအများစု ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းပြီးဖြစ်သော်လည်း ပလက်ဝမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းအချို့ လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် ကုန်ကျစရိတ်တင်သွင်းရန် အခက်အခဲရှိနေကြောင်း မတူပီခရိုင် ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

 

“ကျွန်တော်တို့ဆီမှာတော့ လောလောဆယ်ကိုးယာက်လိုသေးတယ်။ အဓိကလိုတာကတော့ ပလက်ဝဘက်က ခုနစ်ယောက် တင်သွင်းဖို့ ကျန်နေသေးတယ်။ ပလက်ဝက လမ်းပန်းဆက်သွယ်ရေးအနေအထားအရ မရောက်နိုင်တာ။ ဒီနေ့အရောက်ပို့မယ်လို့တော့ပြောတယ်။ ဒါပေမယ့် နယ်မြေမလုံခြုံဘူးဆိုတော့ ပြည်ထောင်စုက ဘယ်လိုဆုံးဖြတ်မလဲ မသိသေးဘူး၊ ကျန်တဲ့နှစ်ယောက်ကတော့ မတူပီကပါ။ ဒီနေ့ (ဒီဇင်ဘာ ၁၁ ရက်) လာတင်မယ်ပြောတယ်” ဟု မတူပီခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးမင်းအောင်ရှိန်က ပြောသည်။

 

ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မတူပီခရိုင်အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူ ၃၇ ဦးရှိပြီး လက်ရှိအချိန်ထိ ရွေးကောက်ပွဲအသုံးစရိတ်တင်သွင်းပြီးသူ ၂၈ ဦးရှိပြီဖြစ်ကာ ပလက်မြို့နယ်မှ ခုနစ်ဦးနှင့် မတူပီမြို့နယ်မှ နှစ်ဦးသာ တင်သွင်းရန် ကျန်နေခြင်းဖြစ်သည်။

 

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲကာလအတွင်း သိန်း ၁၀၀ အထိ ခွင့်ပြုထားပြီး၊ ထိုအသုံးစရိတ်များကို ရွေးကောက်ခံ ကိုယ်စားလှယ်ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ထံ တင်သွင်းရမည်ဖြစ်သည်။

 

ရွေးကောက်ပွဲကုန်ကျစရိတ်များ တင်သွင်းခြင်းမရှိပါက သက်ဆိုင်ရာ ရွေးကောက်ပွဲနည်းဥပဒေ ၈၄ အရ အရည်အချင်းပျက်ယွင်းသူအဖြစ်ကြေညာခံရမည်ဖြစ်သဖြင့် ချင်းပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကိုယ်စားလှယ်လောင်းများကို မဖြစ်မနေ လာရောက်တင်သွင်းကြရန် နှိုးဆော်မှုများ လုပ်ဆောင်ခဲ့ရကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်က ဖြည့်စွက်ပြောကြားသည်။

 

“တင်ရမဲ့သူတွေက နည်းသွားပါပြီ။ ဒါပေမယ့် မပြည့်စုံလို့ ပြန်တင်ခိုင်းရတာရှိတယ်။ ခုကြည့်ရသလောက်တော့ အားလုံးတော့ စုံမယ်ထင်တယ်။ နှစ်ရက်ခြား၊ သုံးရက်ခြားတစ်ခါလောက်တော့ ခရိုင်ကော်မရှင်တွေကနေ ကိုယ်စားလှယ်လောင်းတွေကို နှိုးဆော်ရတာပေါ့။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်ပြည်နယ်က နာမည်ပျက်အမည်စာရင်းပါသွားရင် မကောင်းဘူးလေ။ သူက အသုံးစရိတ်စာရင်းမတင်ရင် နာမည်ပျက်စာရင်းအဖြစ် ကြေညာမယ်” ဟု ကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်က ပြောသည်။

 

နိုဝင်ဘာ ၈ ရက်ကကျင်းပခဲ့သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်၌ တစ်သီးပုဂ္ဂလအပါအဝင် နိုင်ငံရေးပါတီ ၁၁ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၇၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...