ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းတင်ရန် ပျက်ကွက်သော လွှတ်တော်ကိုယ်စားလှယ်လောင်း မရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
အဆိုပါပြည်နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဦးရေ ၁၅၄ ဦးရှိပြီး ၎င်းတို့အားလုံး ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းခဲ့သည်ဟု ဆိုသည်။
“ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲအသုံးစရိတ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဆီ ၁၁ ရက် နောက်ဆုံးတင်သွင်းပေးရမှာဆိုတော့ ကျွန်တော်တို့အနေနဲ့ ဒီနေ့ အပြီးတင်ပြသွားမယ်” ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။
ယင်းပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၅၄ ဦးရှိပြီး စစ်တွေခရိုင်တွင် ၁၇ ဦး၊ ကျောက်ဖြူခရိုင်တွင် ၇၃ ဦး၊ သံတွဲ ခရိုင်တွင် ၅၆ ဦး၊ ချင်းတိုင်းရင်းသားလွှတ်တော်နေရာတွင် ရှစ်ဦးဖြစ်ကြောင်းနှင့် ၎င်းတို့သည် ရွေးကောက်ပွဲကုန်ကျစရိတ်ကို သက်ဆိုင်ရာ ကော်မရှင်မဖွဲ့ခွဲများ တွင် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ရွေးကောက်ပွဲအသုံးစရိတ်တင်သွင်းရန် သတ်မှတ်ရက် တစ်ရက်သာကျန်ရှိချိန် ဒီဇင် ဘာ ၉ ရက်အ ထိ ၁၀ ဦးကျန်ရှိနေသော်လည်း ယမန်နေ့(ဒီဇင်ဘာ ၁၀ရက်)က ၎င်းတို့အားလုံး အပြီးတင်ပြနိုင်ခဲ့သည်ဟု ဆို သည်။
ထို့ပြင် ရွေးကောက်ပွဲတွင် တိုင်းရင်းသားလူမျိုးရေးရာဝင်ပြိုင်သည့် လွှတ်တော်ကိုယ်စား လှယ်လောင်းများကို ရွေးကောက်ပွဲကုန်ကျစရိတ်အဖြစ် ကျပ်သိန်း ၁၅၀အထိ အသုံးပြုခွင့်ပေးထားပြီး ကျန်လွှတ်တော်ကိုယ်စား လှယ်လောင်းများကို ကျပ်သိန်း ၁၀၀ သတ်မှတ်ထားကြောင်းနှင့် ရွေးကောက်ပွဲအသုံးစရိတ်တင်သွင်းခြင်းနှင့် ပတ်သတ်၍ လက်ရှိအထိ တိုင်းကြားမှုမရှိသေးကြောင်း သက်ဆိုင်ရာ ကော်မရှင်အသီးသီးက တာဝန်ရှိသူများက ပြောသည်။
ရွေးကောက်ပွဲကုန်ကျစရိတ်ကို ရွေးကောက်တင်မြောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်ကို ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးသို့ တင်သွင်းကြရမည်ဖြစ် ပြီးရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို မတင်သွင်းပါက သက်ဆိုင်ရာရွေးကောက်ပွဲနည်းဥပဒေ ၈၄ အရ အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ကြေငြာခြင်းခံရမည်ဖြစ်ကာ ထိုသို့ကြေညာခံရသည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် လာမည့် လွှတ်တော်သက်တမ်းအတွင်းပြုလုပ်မည့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်မဟုတ်ကြောင်း သိရသည်။