သီမြစ်- မြစ်ရေတင်စီမံကိန်း မပြီးစီးနိုင်သည့်ကိစ္စ အစိုးရမှ ပြတ်ပြတ်သားသားဆောင်ရွက်ရန်လိုအပ်ဟု ဉီးအောင်လျန်းပြော

သီမြစ်- မြစ်ရေတင်စီမံကိန်း မပြီးစီးနိုင်သည့်ကိစ္စ အစိုးရမှ ပြတ်ပြတ်သားသားဆောင်ရွက်ရန်လိုအပ်ဟု ဉီးအောင်လျန်းပြော

Benezer – ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ရေပေးဝေရေးအတွက် တည်ဆောက်ထားသည့် သီမြစ်- မြစ်ရေတင်စီမံကိန်းသည် ယနေ့ချိန်ထိ ရာနှုန်းပြည့်မပြီးနိုင်ကိစ္စအပေါ် အစိုးရအနေဖြင့် ပြတ်ပြတ်သားသားကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရန်လိုအပ် ကြောင်း ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီမှ မတူပီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်းကပြောသည်။

“ဝန်ကြီးချုပ်က တာဝန်ယူမှုတာဝန်ခံမှု အပြည့်နဲ့ဘဲ လုပ်ခဲ့တယ်လို့ပြောတယ်၊ ဝန်ကြီးတစ်ပါးနဲ့ ပြည်နယ်မှူးတစ်ဉီး တာဝန်မကျေလို့ နှုတ်ထွက်သွားပြီလို့ပြောတယ်၊ ဒါနဲ့မပြီးဘူးလေ၊ သူတို့နှစ်ယောက် နှုတ်ထွက်သွားလို့လည်း ဒီကိစ္စက ပြီးတာမှမဟုတ်တာ၊ အစကတည်းက ငွေထုတ်တဲ့ ကိစ္စက မရှင်းမလင်းဖြစ်တယ်၊ စာချုပ်နဲ့ကိုက်ညီမှုမရှိဘဲ ငွေအကုန်လုံးထုတ်သွားတယ်၊ အစကတည်းကိုက မှားလာတယ်၊ ကုမ္ပဏီကလည်း ကွင်းမဆင်းဘဲနဲ့ ကန်ထရိုက်ဝင်ဆွဲတယ်၊ ဒေသခံတွေနဲ့ အခက်အခဲအများကြီးကြုံရတယ်၊ ငွေထုတ်ရာမှာ လုပ်ငန်းမပြီးဘဲနဲ့ ငွေအကုန်ထုတ်သွားတယ်၊ ငွေအကုန်ထုတ်သွားတာက အစိုးရမှာ တာဝန်ရှိတယ်၊ ဒီဟာကို အစိုးရက ထိထိရောက်ရောက်ဆောင်ရွက်ဖို့လိုတယ်၊ ဒီအစိုးရရဲ့တာဝန်ပါ၊ နောက်အစိုးရကို မကူးစေချင်ဘူး၊ ပြတ်ပြတ်သားသားဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ဉီးအောင်လျန်းမှပြောသည်။

သီမြစ်-မြစ်ရေတင်စီမံကိန်းကို ယခင်အစိုးရလက်ထက်တွင် မြို့တွင်းရှိ သီမြစ်ဆည်နဲ့ ရေလှောင်ကန်များထံ ရေရောက်ရှိ နိုင်ရန်အထိ ငွေကျပ် ၉ ဘီလီယမ်အသုံးပြုကာတည်ဆောက်ခဲ့ကြပြီး ယခုအစိုးရလက်ထက်တွင် ထိုရေလှောင်ကန်မှ တဆင့် မြို့တွင်းရေးပေးဝေရေးအတွက် ၂.၉ ဘီလီယမ်အသုံးပြုခဲ့သော်လည်း ကန်ထရိုက်ယူသည့် KMDL နှင့် မိုးကုတ်ရွှေရည်ကုမ္ပဏီဘက်မှ အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသည့်အတွက် အစိုးရထံ ကျပ်ငွေ ဝ.၀၁ ဘီလီယမ်ပြန်သွင်းရန်ကြွေးကျန်ရှိနေကြောင်း သိရသည်။

အဆိုပါ မြို့တွင်းရေဖြန့်ဝေသည့်လုပ်ငန်းကို တာဝန်ယူခဲ့သည့် ကုမ္ပဏီအနေဖြင့် စာချုပ်သက်တမ်း သုံးကြိမ်ထိ သက်တမ်းကျော်လွန်သည့်တိုင် မဖြေရှင်းသည့်အပေါ် အစိုးရအနေဖြင့် ယခုသက်တမ်းမကုန်ခင်တွင် ဆောင်ရွက်ရန် ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့က ကျင်းပခဲ့သည့် ချင်းပြည်နယ်လွှတ်တော်တွင် ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးပြေမင်းကအဆိုတင်သွင်းခဲ့သည်။

ဝန်ကြီးချုပ်မှ သီမြစ်-မြစ်ရေတင်စီမံကိန်းကိစ္စ အပြီးသတ်ဆောင်ရွက်ရန်မှာ လက်ရှိသက်တမ်းတွင် မဖြစ်နိုင်တော့သဖြင့် အချိန်မလောက်ခြင်းကို ကိုယ်ချင်းစာပြီးနားလည်ပေးရန် လွှတ်တော်တွင် တောင်းဆိုခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာ ဦးပြေမင်း၏အဆိုအောင်မြင်ခဲ့သည်။

ဉီးအောင်လျန်းက “အစိုးရဘက်က ကုမ္ပဏီကို ဉပဒေအရ တရားစွဲရမယ်၊ အဲဒါကို ကုမ္ပဏီကို ဘာလို့တရားမစွဲရတာလဲဆိုပြီးပြောတယ်၊ အစိုးဘက်ကနေ ဒီအစိုးရသက်တမ်းမှာ မပြီးနိုင်လောက်ဘူး၊ ကိုယ်ချင်းစာပြီး နားလည်ပေးပါဆိုပြီးပြောတယ်၊ ကိုယ်ချင်းစာခြင်း မစာခြင်းထက် ကျနော်တို့က စာချုပ်သက်တမ်းကုန်ဆုံးသွားလို့ ထိရောက်စွာ အရေးယူပေးဖို့၊ ဘာလို့ ၂.၉ဘီလီယမ် အကုန်ကျခံပြီးတော့ ခုထိ အောင်အောင်မြင်မြင်ဘာလို့ မလုပ်နိုင်တာလေ၊ ဒါဘဲကျနော်တို့တောင်းဆိုတာပါ”ဟုပြောသည်။

သီမြစ်- မြစ်ရေတင်စီမံကိန်းနှင့် ပတ်သတ်ပြီး ၂၀၁၈ ခုနှစ်တွင် ထန်တလန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်မှ အဆိုတင်သွင်းခဲ့ဖူးသော်လည်း အစိုးရမှ ဆောင်ရွက်နေဆဲဖြစ်သဖြင့် ယင်းအဆိုကိုဆိုင်းငံ့ပေးပါရန် ဆောင်းဆိုခဲ့သဖြင့် ဆိုင်းငံ့ပေးခဲ့ဖူးကြောင်း သိရသည်။

“ကုပ္မဏီနှစ်ခုကို အရေးယူမှာ၊ ၂၀၁၉ မတ်လကတည်းကနေ ရပ်ထားပြီးတော့ အလုပ်မပြီးတဲ့အပေါ်မှာ လျှော်ကြေး ဝ.၀၁ဘီလီယမ် ဒဏ်ကြေးတပ်တယ်၊ ဒီလထဲမှာကို အပြီးသပ်လုပ်ဖို့နဲ့ ထွေအုပ်ကို အလုပ်လွှဲပြောင်းပေးဖို့ပေါ့၊ ထွေအုပ်ကလက်ခံပြီးပြီဆိုမှ ကျနော်တို့ စည်ပင်ကိုပြန်လွှဲရမှာ၊ ဒီဘတ်ဂျက်က ထွေအုပ်နဲ့လုပ်တဲ့ စည်မံကိန်းဖြစ်တဲ့အတွက် စည်ပင်က လက်ခံလို့မရဘူး၊ အဲဒါကြောင့် ကုမ္ပဏီကနေပြီးတော့ ထွေအုပ်ကိုအပ်၊ အဲဒီကနေ စည်ပင်ကို ပြန်အပ်ပြီးမှ စာရင်းစစ်ကနေ အပြီးသတ်အစီရင်ခံစာတက်မယ်၊ အဲဒီမှာ သူတို့ပေးဖို့ လျှော်ဖို့ မပြတ်ဘူးဆိုရင် အဲဒီမှာတရားစွဲမယ်”ဟု စည်ပင်ဝန်ကြီးဉီးစိုးထက်မှပြောသည်။

သီမြစ်- မြစ်ရေတင်စီမံကိန်းမှာ ယခင်အစိုးရလက်ထက်ဖြစ်သည့် ၂၀၁၄ ခုနှစ်မှစတင်ကာ အကောင်အထည်ဖော်တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းအားလုံးအတွက် စုစုပေါင်း ငွေကျပ် ၁၃ ဘီလီယမ်ဝန်းကျင်အသုံးပြု တည်ဆောက်ခဲ့သော်လည်း လက်ရှိအချိန်ထိ ပြည်သူလူထုထံ ပြည့်ပြည့်ဝဝ ရေမရရှိသေးကြောင်းသိရသည်။

November 29, 2024
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်အခြေစိုက် CDF - မတူပီ တပ်ဖွဲ့အချင်းချင်းကြား...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
November 28, 2024
မီဇိုရမ်ပြည်နယ်မှာ ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့က...
November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...