ခိုင်မြဲသည့် ငြိမ်းချမ်းရေးဖြစ်ဖို့အခြေခံကောင်းများလိုသည်

ခိုင်မြဲသည့် ငြိမ်းချမ်းရေးဖြစ်ဖို့အခြေခံကောင်းများလိုသည်
by -
ကေအိုင်စီ
ခိုင်မာသည့်အရာတစ်ခုကိုတည်ဆောက်ရာတွင် ရေရှည်တည်မြဲနိုင်ရေးအတွက် အခြေခံကောင်းများရှိဖို့ရန် အရေးကြီးလှပေသည်။ ကနဦးအစတွင် အခြေခံအုတ်မြစ်(ဖောင်ဒေးရှင်း) မခိုင်ခံ့သော မည်သည့်တည်ဆောက်မှုမျိုးမဆို တာရှည်ခံမှုကို အာမခံကာ တိုင်းထွာ၍မရ။ ထိုနည်းတူတိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် အုပ်ချုပ်ရေးစနစ်၊ ဥပဒေပြုရေးစနစ်နှင့် တရားစီရင်ရေးစနစ်များမှာ မူလအခြေခံကောင်းများ မရှိပါက လတ်တလောဖော်ဆောင်နေ သည့် ပြည်တွင်းငြိမ်းချမ်းရေးမှာရေရှည် တည်တံ့ခိုင်မြဲဖို့ရာ ခက်ခဲကြန့်ကြာနေပေလိမ့်မည်။

ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ဒဏ်ကို နှစ်ပေါင်းခုနှစ်ဆယ်နီးပါးဆင်းရဲနိမ့်ကျစွာ ခံစားခဲ့ကြရသည့် မြန်မာပြည်ဖွားတိုင်းရင်း သားပြည်သူများမှာ ငြိမ်းချမ်းရေး၏ အသီးအပွင့်ကို ငတ်မွတ်လို့လား၊ တောင်းတကြသည်မှာ ဓမ္မတာပင်။ ထို့အပြင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် အဖက်ဖက်မှ ပျက်စီးယိုယွင်းနေခဲ့သည့် စနစ်များကြောင့် မြန်မာနိုင်ငံ မှာငြိမ်းချမ်းရေးတည်ဆောက်ရာတွင် မတိုးသာမဆုတ်သာ၊ မလူးသာမလွန့်သာအနေအထား ဖြစ်နေသည်။ မိမိနိုင်ငံ၏ ဖြစ်တည်လာသော ရေခံမြေခံနှင့် လူ့အရင်းအမြစ်တို့၏ အခြေခံအကြောင်းတရားများ ကွဲပြားကြသည့်အလျောက် နိုင်ငံတ ကာနည်းတူ ပုံတူကူးချ၍မရ။ သို့သော် ဖြစ်ပျက်ခဲ့သည့် အကြောင်းရင်းခံအမှန်ကို တူညီလက်ခံကာ ပြုပြင်ပြောင်းလဲသွားလိုသည့် အခြေခံကောင်းများဦးစွာရှိဖို့လိုသည်။

လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာမည်ဆိုပါက သုံးနှစ်ကျော်ကာလအတွင်း ဆွေးနွေးပွဲများ အနှစ်ချုပ်ရလဒ်အဖြစ် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များကိုယ်စားပြု NCCT နှင့် အစိုးရတို့ နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စာချုပ် အတွက် ဆွေးနွေးသဘောတူခဲ့ကြပြီးသော်လည်း အချက်အားလုံးကို သဘောတူခဲ့ခြင်းမဟုတ်။ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်သင့်သည့် အစုအဖွဲ့များကိစ္စ၊ ပြန်လည်ပေါင်းစည်းရေး၊ ကြားကာလအစီအစဉ် စသည့်အချက်များကို အပြီးသတ်သဘောတူခြင်းမဟုတ်သေးဘဲ ကျန်ရှိအချက်များကို နိုင်ငံရေးဆွေးနွေးပွဲတွင် ဆက်ဆွေးနွေးရန် ရွှေ့ဆိုင်းထားသည် မဟုတ်ပါလော။ သို့သော် နိုင်ငံတော်သမ္မတကိုယ်တိုင်က နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးရန် အဆင်သင့်ဖြစ်နေပြီးဟု ပြောသည်။

၎င်းအပြင် မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီအချို့က လက်ရှိအစိုးရသက်တမ်းအတွင်း လက်မှတ်ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲစတင်ရန် မကြာခဏတိုက်တွန်းပြောဆိုနေသည်။ တိုင်းရင်းသားများအနေဖြင့် ပြီးခဲ့သည့် ပန်ဆန်း(ပန်ခမ်း)ညီလာခံတွင် ပြည်ထောင်စုမှ ခွဲမထွက်ပါဟု ကတိကဝတ်ကို ပေးခဲ့ကာ အာမခံခဲ့ပြီးလည်းဖြစ်သည်။ သို့သော် လက်ရှိမြန်မာပြည်မြောက်ပိုင်းတွင် ဆက်လက်ဖြစ်ပေါ်နေသည့် တိုက်ပွဲများ၊ တိုင်းရင်းသားများလိုလားသည့် တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသော စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို မဆိုထားနှင့် ယခင် စစ်အစိုးရက တဖက်သတ်ရေးဆွဲထားခဲ့သည့်် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးပင် မည်သည့်အာမခံချက် တစုံတရာမှမရှိသေးသည်ကို တိုင်းရင်းသားပြည်သူများအသိပင်။

ထို့အတွက်ကြောင့် ပြည်နယ်ပြည်မနေ ပြည်သူပြည်သားအားလုံးလိုလားနေသည့် ငြိမ်းချမ်းရေးခိုင်မြဲဖို့ရာအတွက် လက်ရှိအစိုးရနှင့် အခြေခံကျသည့် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးမှာ အရေးပါနေသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်းကြား၌လည်း ဘဝတူချင်း အပြန်အလှန် ယိုင်းပင်းမှု တည်ဆောက်ကာ လျစ်လျူရှု ချန်လှပ်ထားမှုများမရှိစေရန် ကျင့်ကြံလုပ်ဆောင်ရမည့်အပြင် အားလုံးအတွက် တန်းတူညီတူရှိသည့် နိုင်ငံရေးအာမခံချက် ချမှတ်ထားနိုင်ရေး၊ အများသဘောတူလက်ခံသည့် ဖွဲ့စည်းပုံဖြစ်ရေး စသည့် အခြေခံအချက်များ ရှိမှသာလျှင် ရေရှည်တည်တံ့ခိုင်မြဲသည့် စစ်မှန်သောငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

Most read this week

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...