ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းတင်သွင်းရန် ကျန်ရှိနေသေးသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) အပြီးတင်းသွင်းမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို စစ်တွေခရိုင်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းလေးဦးနှင့် သံတွဲခရိုင်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးတို့သာ တင်သွင်းရန်ကျန်ရှိနေခြင်းဖြစ်ကြောင်း သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ သိရသည်။
“ကျန်ရှိနေတဲ့ NLD လွှတ်တော်ကိုယ်စားလှယ် လေးဦးကတော့ ဒီနေ့တင်မယ်လို့ပြောပါတယ်။ တခြားသူတွေအားလုံးကတော့ တင်ပြီးပါပြီ” ဟု စစ်တွေခရိုင်ရွေးကော်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစံရွှေလှက ပြောသည်။
ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းတင်ရန်ကျန်ရှိနေသူ စစ်တွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးစံရွှေကျော်က ယနေ့ ညနေ ၄ နာရီအတိုင်မီ တင်သွင်းသွား မည်ဟု ဆိုသည်။
“အသုံးစရိတ်မတင်ရသေးတဲ့အတွက် အခုတင်သွင်းဖို့အတွက် လုပ်နေကြတယ်။ ညနေ ၄ နာရီမထိုးခင်တော့ အပြီးတင်သွင်းမှာပါ” ဟု ဦးစံရွှေကျော်က ပြောသည်။
ထို့ပြင် အသုံးစရိတ်တင်သွင်းရန် ကျန်ရှိနေသေးသည့် သံတွဲခရိုင်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် ယနေ့တင်သွင်းမည်ဖြစ်ကြောင်းယင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်သိန်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) သည် ရွေးကောက်ပွဲ အသုံးစရိတ်တင်သွင်းရန် နောက်ဆုံးနေ့ဖြစ် ထားပြီး ယနေ့အမီ ရွေးကောက်ပွဲအသုံး စရိတ်စာရင်းတင်သွင်းနိုင်ခြင်းမရှိပါက သက်ဆိုင်ရာရွေးကောက်ပွဲနည်း ဥပဒေ ၈၄ အရ အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ကြေညာခံရမည်ဖြစ်သည်။