ကယားပြည်နယ်၏ ဗမာတိုင်းရင်းသားရေးရာနေရာတွင် အနိုင်ရရှိခဲ့သည့် ဦးဌေးအောင်နှင့် အင်တာဗျူး
ယခုနှစ်ရွေးကောက်ပွဲတွင် ကယားပြည်နယ်၏ ဗမာတိုင်းရင်းသားရေးရာနေရာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဌေးအောင်က ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် နောက်ဖွဲ့စည်းမည့်အစိုးရဖွဲ့တွင် ပါဝင်ခွင့်ရရှိပါက တိုင်းရင်းသားအရေးများနှင့် မည်သို့လုပ်ဆောင်သွားရန်ရှိသည်လဲဆိုသည်များနှင့်ပတ်သက်၍ ဦးဌေးအောင်အား ယခုလို တွေ့ဆုံးမေးမြန်းဖြစ်ခဲ့ပါသည်။
မေး - အရင်ဆုံး NLD ပါတီကနေ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဘာကြောင့် ဝင်ပြိုင်ဖြစ်တဲ့အကြောင်းကို သိချင်ပါတယ်။
ဖြေ - တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု ထုံးထမ်းစဉ်လာတွေဖွံ့ဖြိုးတိုးတက်လာဖို့ သူတို့ရဲ့ ဘာသာစကားတွေ တိုးတက်လာဖို့ စာပေတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ ကျတော့်အနေနဲ့ သက်ဆိုင်ရာနဲ့ ညှိနှိုင်းပြီး ပံ့ပိုးပေးဖို့ ဒီနေရာကို ဝင်ရောက်အရွေးခံခဲ့ခြင်းဖြစ်ပါတယ်။
မေး - ရွေးကောက်ပွဲကတိကဝတ်တွေက ဘာတွေလဲ။ ကတိကဝတ်ထဲက ပထမဆုံး ဘာတွေကိုဆောင်ရွက်သွားမလဲ။
ဖြေ - ကတိကဝတ်အနေနဲ့ကတော့ ကျွန်တော်တို့တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ တစ်ဦးနဲ့တစ်ဦးက ကွဲပြားခြားနားမှုမရှိဘဲနဲ့ တန်းတူအခွင့်အရေးရှိရမယ်။ အဲဒီအခွင့်အရေးကနေ ရပိုင်ခွင့်က လူတိုင်းမှာရှိတယ်။ အဲဒီရပိုင်ခွင့်တွေကို လူမျိုးမရွေးဘာသာမရွေး ကျောသားရင်သားမခွဲခြားပဲနဲ့ ဆောင်ရွက်ပေးမယ်လို့ စဉ်စားထားပြီးသားပေါ့။ အရင်ဆုံး တိုင်းရင်းသားညီအစ်ကိုမောင်နှမေတွ အထူးသဖြင့် လူငယ်တွေရဲ့အခန်းကဏ္ဍ ပညာရေးအခန်းကဏ္ဍကိုဝါသနာပါပါတယ်။ စိတ်ဝင်စားတယ်။ ကျွန်တော်တို့ညီအစ်ကိုမောင်နှမတွေရဲ့ အခြေခံ ပညာခိုင်မာဖို့ အဓိက သူတို့ရဲ့ အသိပညာတွေကြွယ်လာဖို့တွေ အလုပ်အကိုင်အခွင့်အရေးတွေရလာဖို့ကို ဦးစား ပေးစတင် ဆောင်ရွက်မယ်လို့ ရည်မှန်းထားပါတယ်။
မေး - ဘယ်ကဏ္ဍကို အရင်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားမလဲ။
ဖြေ - ကျွန်တော်တိုင်းရင်းသားရေးရာကိစ္စတွေကို အရင်ကတည်းက ဆောင်ရွက်နေခဲ့တာပါ။ အရင်က ပညာရေး ဌာနမှာလုပ်ခဲ့တဲ့အတွက်ကြောင့် သူတို့ရဲ့အမြင်တွေ အခြေခံပညာတွေမလုံလောက်တဲ့အတွက်ကြောင့် ဒီလိုမျိုး သံသယ၊အယုံမှားတွေဖြစ်ပြီးတော့ စည်းလုံးညီညွတ်မှုတွေ ပြိုကွဲနေတယ်။ ဒီပြိုကွဲမှုတွေမရှိဖို့ ပညာကောင်း ကောင်းသင်ယူမှဖြစ်တယ်။ အထူးသဖြင့် တန်းတူအခွင့်အရေးတွေ ရပိုင်ခွင့်တွေ မဆုံးရှုံးအောင်၊ ဘယ်တိုင်းရင်း သားမဆို ကျွန်တော်လုပ်ခွင့်ရတဲ့အတိုင်းအတာအတွင်းကနေ ရအောင် ကျတော်ဆောင်ရွက်ပေးမယ်လို့ ရည်မှန်း ထားပါတယ်။သူတို့အခွင့်အရေးတွေ အပြည့်ရအောင် ကာကွယ်ပေးမယ်၊ စောင့်ရှောက်ပေးမယ်၊ ရိုးရာဓလေ့ထုံး ထမ်းတွေကို ပိုပြီးတော့ ရှင်သန်လာအောင် ဆောင်ရွက်ပေးနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
မေး - ဗမာတိုင်ရင်းသားရေးရာဝန်ကြီး တာဝန်ထမ်းဆောင်ရမှာဖြစ်တဲ့အတွက် ပြည်မကနေ အလုပ်လာလုပ်ကြတဲ့ ရွှေ့ပြောင်းဗမာတိုင်ရင်းသားအတွက် ဘာတွေဆောင်ရွက်ပေးဖို့ရှိလဲ။
ဖြေ - တိုင်းရင်းသားတွေကြားထဲမှာ ဗမာတိုင်းရင်းသားတွေက ပြည်မကနေပြီးတော့ ရေကြည်ရာမြက်နုရာကို လုပ်ကိုင်ရှာဖွေစားသောက်ရင်းနဲ့ရောက်လာကြပါတယ်။ ရောက်လာပြီး လုပ်ကိုင်တဲ့အခါ အဆင်ပြေတဲ့သူရှိတယ်။ မပြေတဲ့သူလည်းရှိပါတယ်။ အများကြီးရှိပါတယ်။ ဗမာတိုင်းရင်းသားတွေလည်း တခြားတိုင်းရင်းသားနဲ့တန်း တူပဲ။ လူမျိုးကြီးတွေမဟုတ်ဘူး။ သာမာန် ညီအစ်ကိုမောင်နှမတွေဖြစ်တယ်ဆိုတာကို ကျွန်တော် တခြားတိုင်း ရင်းသားတွေကြား မှာလုပ်သလို မြန်မာတိုင်းရင်းသားတွေရဲ့အခက်အခဲတွေကို ပြေလည်နိုင်တဲ့နည်းလမ်းတွေကို ရှာပြီးမှ ဗမာတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်တဲ့အေနအထားတစ်ခုကို ဒီငါးနှစ်အတွင်းမှာ ဖော်ဆောင်မယ်လို့ ရည်မှန်းထားတယ်။
မေး - ဗမာတိုင်းရင်းသားအရေးအပြင် ဒေသခံတိုင်းရင်းသားအရေး တောင်းဆိုလာမယ်ဆိုရင် ဆောင်ရွက်ပေးဖို့ရှိမလား။
ဖြေ - ကျွန်တော့အနေနဲ့က အဲဒီအရေးတွေကို ဆောင်ရွက်ပေးချင်လို့ ရွေးကောက်ပွဲဝင်လာတာပါ။ မည်သည့်လူမျိုး မည်သည့်ဘာသာမဆို ကျွန်တော့ရုံးခန်းကို အချိန်မရွေးဝင်ခွင့်ပေးမယ်။ ရုံးခန်းတင်မကဘူး။ အိမ်ကိုလာပြီးမှ သူတို့ရဲ့အခွင့်အရေး အခက်အခဲတွေကို တင်ပြနိုင်သလို ကျွန်တော်ကိုယ်တိုင်ကလည်း မည်သည့်ရွာ မည်သည့်လူမျိုးမဆို မခွဲခြားဘူး။ ကျွန်တော်ဗမာတိုင်းရင်းသားမို့ ဗမာရွာကိုသွားမှာမဟုတ်ပါဘူး။ တစ်ပြည်နယ်လုံးမှာရှိတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမေတွရဲ့ ရွာတွေကို ရောက်အောင်သွားမှာပါ။ ဒါကျွန်တော့် ကတိပါ။ အဲဒီစိတ်နဲ့ပဲ ဝင်လာခဲ့တာပါ။ သို့သော် ရွာတွေအကုန်လုံးရောက်မယ်လို့ ကတိမပေးနိုင်ပေမယ့်လို့ အတတ်နိုင်ဆုံး အများဆုံးရောက်အောင်သွားမှာပါ။ သူတို့ရဲ့အရေးကို ဆောင်ရွက်ပေးမှာပါ။